Top News

Stay at Home ၌ ပါဝင်ပြီး ရောဂါဖြစ်ပွားမှုများသော ဒေသများရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများကို ဖေဖော်ဝါရီ ၅ ရက်တွင် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံမည်
24htopnews | October 22, 2024 12:12 AM CST

Stay at Home အစီအစဉ်တွင် ပါဝင်ပြီး ရောဂါဖြစ်ပွားမှုများသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများကို ဖေဖော်ဝါရီ ၅ ရက်တွင် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး  ဒေါက်တာခင်ခင်ကြီးက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားသည်။

“COVID-19 ကာကွယ်ဆေးတွေကို ဆက်ပြီးတော့ ထိုးနေပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့အထိကို ကာကွယ်ဆေး ထိုးနှံပြီးတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ၈၀၀၀၀ ကျော် ရှိပါပြီ။ မနေ့ကလည်း ထိုးပါတယ်။ မနေ့ကတော့ ကာကွယ်ဆေးထိုးတဲ့ သူကတော့ အများကြီး မရှိပါဘူး။ ဒီနေ့လည်း ဆက်ထိုးနေပါတယ်။ ကာကွယ်ဆေးကတော့ ကျန်းမာရေးဝန်ထမ်းတွေ ၁၁၀၀၀၀ ကို ထိုးမှာဖြစ်တဲ့အတွက်ကြောင့်မို့ ဒါနဲ့ပတ်သက်ပြီး ဆက်ပြီးတော့ ထိုးသွားမှာပါ။ စေတနာ့ဝန်ထမ်းတွေကိုလည်း တခါတည်း ဆက်ပြီး ဆောင်ရွက်နေပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့ဆိုရင်တော့ တိုင်းနဲ့ပြည်နယ် အသီးသီးမှာရှိတဲ့ ပြည်သူလူထုတွေကို ကာကွယ်ဆေး ဆက်ထိုးပေးဖို့ကိစ္စတွေလည်း ဆက်ပြီး ဆောင်ရွက်နေပါတယ်။ အဲဒီမှာတော့ အသက် ၆၅ နှစ်နဲ့အထက် အသက်ကြီးတဲ့သူတွေကို ကာကွယ်ဆေး ထိုးပေးမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၆ ရက်တွင် သတင်းထုတ်ပြန်ချက်အရ COVID-19 ကာကွယ်ဆေး နှစ်သန်း ဖေဖော်ဝါရီလ ပထမပတ်တွင် ထပ်မံ ရောက်ရှိမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းမှ ပြည်သူများကို ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

“ တစ်တိုင်းပြည်လုံးကို ထိုးနှံပေးဖို့တော့ လောလောဆယ် အဆင်မပြေသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသက် ၆၅ နှစ်အထက်က တစ်နိုင်ငံလုံးဆိုရင် လူဦးရေ ၃ ဒသမ ၆ သန်း ရှိပါတယ်။ ကျွန်မတို့ရတဲ့ ကာကွယ်ဆေးသည် ၁ ဒသမ ၅ သန်း ဖြစ်ပါတယ်။ ၁ ဒသမ ၅ သန်းသည် လူ ၁ ဒသမ ၅ သန်းစာ မဟုတ်ပါဘူး။ ၁ ဒသမ ၅ သန်း Dose (အကြိမ်) ဖြစ်ပါတယ်။ လူတစ်ယောက်ကို နှစ်ကြိမ် ထိုးရတာဖြစ်တဲ့အတွက် လူ ခုနစ်သိန်းခွဲစာပဲ ဖြစ်ပါတယ်။ အဲဒီတော့ ရောဂါဖြစ်ပွားမှုများတဲ့ Stay at Home မြို့နယ်တွေမှာမှ Stay at Home မြို့နယ် အခုလောလောဆယ် ၇၀ ရှိပါတယ် နောက်ဆုံးအရဆိုရင် ။ အဲဒီ ၇၀ ထဲမှာမှ ရောဂါဖြစ်ပွားမှုများနေတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ အသက် ၆၅ နှစ်အထက်တွေကို ဦးစားပေးထိုးမှာ ဖြစ်ပါတယ်။ ဒါကိုတော့ အနီးကပ်ကျရင် အသေးစိတ် ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်အနေနဲ့ ထုတ်ပြန်ဖို့ ရှိပါတယ်။ သို့သော် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေမှာတော့ ကာကွယ်ဆေး ၅ ရက်နေ့ ထိုးဖို့အတွက် ပြင်ဆင်နေပါပြီ” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

နိုင်ငံတော်ဘဏ္ဍာငွေဖြင့် COVI-SHIELD / Astrazeneca ကာကွယ်ဆေး အကြိမ် (Dose) အရေအတွက် သန်း ၃၀ ကို ဝယ်ယူထားပြီးဖြစ်ကာ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကာကွယ်ဆေးအကြိမ်ရေ နှစ်သန်းခန့် ကနဦး ရောက်ရှိလာမည်ဖြစ်ပြီး   COVAX facility မှ ကာကွယ်ဆေးများသည် မတ်လတွင် စတင်၍ လည်းကောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ကာကွယ်ဆေးများသည် ဧပြီလတွင် လည်းကောင်း လစဉ်အသုတ်လိုက် ဆက်လက် ရရှိသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၅ ရက်မှ စတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များလည်း ပြည်သူနှင့်အတူ စတင်ထိုးနှံမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ဆေး ထိုးနှံရာတွင် မိမိအိမ်တွင် နေထိုင်ရေးအစီအစဉ် (Stay at Home) တွင် အကျုံးဝင်သောမြို့နယ်များ၌ နေထိုင်ပြီး အသက်ကြီးသူများ၊ အခြားရောဂါအခံ ရှိသူများနှင့် ရောဂါရရှိမှု လွယ်သော လူအုပ်စုများကို ဦးစားပေးကာ ထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့် ဆက်လက်၍ ကာကွယ်ဆေးရရှိမှု အရေအတွက်အပေါ် မူတည်၍ Stay at Home အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များအနက် ကူးစက်ဖြစ်ပွားမှု များပြားသော မြို့နယ်များ၊ နေရာဒေသများကို ဦးစားပေး ရွေးချယ် ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါသည် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက်သော ရောဂါဖြစ်ခြင်း၊ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူများရှိနေခြင်းနှင့် ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်ပိုး၏ ဗီဇပြောင်းလဲမှုများ ရှိနေခြင်းတို့ကြောင့် COVID-19 ရောဂါသည် ရာသီတုပ်ကွေးရောဂါကဲ့သို့ပင် ဖြစ်ပွားမှု အနည်းအများသာ ကွာခြားပြီး ကမ္ဘာပေါ်တွင် နှစ်ပေါင်းများစွာ ဆက်လက် ကူးစက်ဖြစ်ပွားနေမည် ဖြစ်ကြောင်း၊ ထို့ပြင် COVID-19 ကာကွယ်ဆေးအချို့ ပေါ်ထွက်လာပြီ ဖြစ်သော်လည်း အဆိုပါ ကာကွယ်ဆေးများသည် ထိုးနှံပြီးနောက် လက်တွေ့တွင် အချိန်ကာလမည်မျှအထိ ရောဂါကာကွယ်နိုင်စွမ်း ရှိမည်ဆိုသည်ကို ယခုအချိန်၌ အတိအကျ မပြောနိုင်သေးဘဲ ဆက်လက် လေ့လာပြီးမှသာ သိရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ 

COVID-19 ကာကွယ်ဆေးသည် အသစ်ဖြစ်သောကြောင့် လက်ရှိရေးဆွဲ ပြုစုထားသော လုပ်ငန်းလမ်းညွှန်တွင် ထပ်မံ တွေ့ရှိလာမည့် အကြောင်းအရာများနှင့် အချက်အလက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖြည့်စွက်သွားမည် ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK