Top News

နာမည်ကြီးအဆိုတော် မျိုးကြီးနှင့် ဇနီးတို့ နေထိုင်သည့် ပုလဲကွန်ဒိုအဆောင်ဘီရှိ တိုက်ခန်း ၈၂ ခန်းကို Lockdown ပြုလုပ်
24htopnews | October 22, 2024 7:12 AM CST

 

COVID-19 ရောဂါပိုးတွေ့ရှိသော နာမည်ကြီးအဆိုတော်နှင့် ဇနီးသည် နေထိုင်ခဲ့သည့် ပုလဲကွန်ဒို အဆောင်ဘီရှိ တိုက်ခန်း ၈၂ ခန်းကို Lockdown ပြုလုပ်ထားကြောင်း ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ဧပြီ ၁၄ ရက်တွင် ပြောကြားသည်။

ဗဟန်းမြို့နယ်ရှိ ဆရာစံရပ်ကွက်၊ ပုလဲကွန်ဒို၏ အဆောင်ဘီကို Lockdown ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါအဆောင်တွင် တိုက်ခန်းပေါင်း ၈၂ ခန်းရှိပြီး နေထိုင်သည့် လူဦးရေအတိအကျကို ပြန်လည်ကောက်ယူနေကြောင်း သိရသည်။

ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က “ ဘီဆောင်မှာနေတဲ့ အဆိုတော်အမျိုးသားနဲ့ သူ့ရဲ့ဇနီးကို COVID-19 တွေ့ရှိတဲ့အတွက်ကြောင့်မို့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ Lockdown ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Lockdown ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာလိုက်ကတည်းက ပြုလုပ်တာဖြစ်ပါတယ် ” ဟု ပြောကြားသည်။

အဆိုပါအဆိုတော်အမျိုးသားမှာ အသက် (၄၄) နှစ်အရွယ် လူနာအမှတ် (၄၆) ဖြစ်ပြီး သူ့၏အမျိုးသမီးမှာ အသက် (၄၃) နှစ်အရွယ် လူနာအမှတ် (၄၂) တို့ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ဆက်လက်ပြောကြားသည်။

ယခု Lockdown ပြုလုပ်ထားသည့် ပုလဲကွန်ဒိုအဆောင်ဘီတွင် အဆိုတော်မျိုးကြီးနှင့် မိသားစုနေထိုင်ကြောင်းနှင့် ယခင်ရက်များကတည်းက Quarantine ပြုလုပ်ရန်အတွက် ၄င်းနှင့်မိသားစုကို လာရောက်ခေါ်ဆောင်သွားကြောင်း ပုလဲကွန်ဒိုအခြားအဆောင်များတွင် နေထိုင်သူများ၊ လုံခြုံရေးဝန်ထမ်းများ၏ ပြောကြားချက်အရ သိရသည်။

Lockdown ပြုလုပ်ထားသည့် အဆောင်ဘီတွင်နေထိုင်သူများ၏ စားသောက်ရေးအတွက် ပြင်ဆင်ကူညီဆောင်ရွက်ထားပြီး ကျန်းမာရေးအတွက် ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိဆောင်ရွက်ပေးနေကြောင်း သိရသည်။

ပုလဲကွန်ဒိုတွင် အဆောင် (၄) ဆောင်ရှိပြီး အခြားအဆောင်များကိုတော့ Lockdown ပြုလုပ်ထားခြင်းမရှိဘဲ ဝင်ထွက်သွားလာခွင့်ပြုထားကြောင်း သိရသည်။

ဗဟန်းမြို့နယ်တွင် COVID-19 ရောဂါပိုးအတည်ပြုလူနာ စုစုပေါင်း ၇ ယောက်ထိ ရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် မတ် ၂၃ ရက်မှ ဧပြီ ၁၄ ရက်အထိ COVID 19 ရောဂါအတည်ပြုလူနာ ၆၂ ဦးထိ ရှိပြီဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK