Top News

COVID-19 ရောဂါထိန်းချုပ်ရေး ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့သည့် သင်းအုပ်ဆရာ အပါအဝင် လူလေးဦးအား အမှုဖွင့်
24htopnews | October 22, 2024 7:12 AM CST

ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါထိန်းချုပ်ရေးနှင့် ပတ်သက်၍ ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့သည့် သင်းအုပ်ဆရာ အပါအဝင် လူလေးဦးအား သက်ဆိုင်ရာမြို့နယ် ရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း ဧပြီ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး COVID 19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ အသိပေး ကြေညာချက်အရ သိရသည်။

“အားလုံးလေးယောက်ကို မနေ့ကညက အမှုဖွင့်လိုက်တာပါ။ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဥပဒေနဲ့ပါ။ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ပုဒ်မ ၂၅ နဲ့စွဲထားတာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး ၂ ဦးမိုးဟိန်းက ပြောကြားသည်။

COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အသိပေး ကြေညာချက်တွင် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် ပတ်သက်၍ ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့သည့် ဦးစောကွယ်ဝါး (သင်းအုပ်ဆရာ)၊ အမှုတော်ဆောင် ဦးစောရေဂန်ဒီ၊ ဦးစောဒေးဗစ် (ခ) ဦးစောဒေးဗစ်လား (တရားဟောဆရာ) နှင့် ဦးဝေထွန်း (နဝရတ်တေးသံသွင်း) တို့လေးဦးအား ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေး ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းအပေါ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အင်းစိန်မြို့မရဲစခန်းနှင့် မရမ်းကုန်းမြို့မ ရဲစခန်းတို့တွင် အမှုဖွင့်ထားကြောင်း ဖော်ပြထားသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင် အတွင်းရှိ နေရာများကို အသွားအလာ ကန့်သတ်တားမြစ်ခြင်း (Lockdown) ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါခရိုင်များ အတွင်းရှိ Lockdown ပြုလုပ်သည့် နေရာများသည် တောင်ဥက္ကလာပမြို့နယ်ရှိ ခြံအမှတ် (၃၂)နှင့် ခြံအမှတ် (၂၄)၊ အမှတ် (၁၅)ရပ်ကွက်၊ သံသုမာလမ်းနှင့် ဇီဇဝါဥယျာဉ်အိမ်ရာ၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ အမှတ် (မ/၂)နှင့် (မ/၄)၊ အမှတ် (၇) ရပ်ကွက်နှင့် သီရိမင်္ဂလာလမ်း အမှတ် (၄) ရပ်ကွက်၊ အမှတ် (၄/၁၉)၊ ဗဟန်းမြို့နယ်ရှိ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်၊ ဆရာစံရပ်ကွက်ရှိ ပုလဲကွန်ဒို (ဘီ)၊ အခန်း (၈၂) ခန်း၊ အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ရပ်ကွက် ကျမ်းစာသင်ကျောင်းလမ်း၊ အမှတ် (၉၇၆) ( ဗေသလ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း)၊ အမှတ် (၁၀၂၃)၊ အခန်း (၄-အေ)၊ ရွာမအရှေ့ရပ်ကွက်၊ ခတ္တာလမ်းသွယ်၊ သုမေတ္တာလမ်း အမှတ် (၁၀၀၅) နှင့် တောင်သူကုန်းရပ်ကွက် သာယာအေး( ၂) လမ်း၊ ရွှေပြည်သာမြို့နယ် ရတနာမိုးလမ်း၊ မိချောင်းအိုင်ရွာ၊ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၄၆) နှင့် သမိန်ဗရမ်းလမ်း၊ အမှတ် (၇)ရပ်ကွက်၊ အမှတ် (၃၁၈) စသည့် နေရာများကို အသွားအလာ ကန့်သတ်တားမြစ်ခြင်း (Lockdown) ပြုုလုပ်ထားကြောင်း COVID 19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ အသိပေး ကြေညာချက်အရ သိရသည်။

 


READ NEXT
Cancel OK