Top News

COVID-19 လူနာ ဧည့်လမ်းညွှန် အမျိုးသမီး Case-8 နှင့် ထိတွေ့ခဲ့သော မလှိုင်မြို့နယ်၊ ကံတွင်းကျေးရွာနေ သားအဖနှစ်ဦး ဖျားနာလာသဖြင့် သံသယလူနာအဖြစ် သတ်မှတ်ပြီး ဓာတ်ခွဲနမူနာရယူ စစ်ဆေးရန် စီစဉ်
24htopnews | October 22, 2024 7:12 AM CST

COVID-19 ပိုးတွေ့လူနာ အသက် ၆၀ ကျော်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီး Case-8 နှင့် ထိတွေ့စကားပြောဆိုခဲ့သည့် စားသောက်ဆိုင် ဝန်ထမ်းတစ်ဦးမှာ မန္တလေးတွင် ၁၄ ရက်ကြာ Quarantine ပြူလုပ်ပြီး မလှိုင်မြို့နယ်၊ ကံတွင်းကျေးရွာနေအိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် ဖျားနာခဲ့သဖြင့် ဧပြီလ ၁၃ ရက်နေ့တွင် မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် COVID-19 သံသယလူနာအဖြစ် သတ်မှတ်ကာ စောင့်ကြည့်ကုသလျက်ရှိပြီး အဆိုပါ နှစ်ဦးထံမှ နှာခေါင်းတို့ဖတ်ယူကာ ရန်ကုန် NHL သို့ ပို့ဆောင် ဓာတ်ခွဲစမ်းသတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

“ကျေးရွာက ကံတွင်း ကျေးရွာပါ၊ အသက်(၃၅) နှစ် ဖအေလုပ်သူနဲ့ အသက်ဆယ်နှစ်အရွယ် သမီးတစ်ယောက်ပါ၊ ပြီးခဲ့တဲ့ တစ်လနီးပါး မတ်လ ၁၅ ရက်နေ့လောက်က Case-8 နဲ့ မန္တလေးမှာ တွေ့တယ်ပြောတယ်၊ သူရဲ့အလုပ်အကိုင်က စားသောက်ဆိုင်မှာ ကူညီပေးတဲ့လူပါ၊ Case-8 က ဧည့်လမ်းညွှန်ဆိုတော့ Case-8 နဲ့ သူနဲ့ရင်းနှီးတယ် ထင်ပါတယ်၊ Case-8 နဲ့ သူနဲ့ စကားပြောခဲ့ရတယ် ဆယ့်ငါးမိနစ်လောက်ကြာမယ်၊ အဲ့ဒါပြီးတော့ သူက မန္တလေးမှာပဲ Quarantine  ၁၄ ရက်နေခဲ့ရတယ်၊ မတ်လ ၃၀ ရက်လောက်မှ မလှိုင်ကသူ့ရွာကို ပြန်ရောက်လာတာ၊ မနေ့ကမှ သူတို့သားအဖနှစ်ယောက် ဖျားလို့ဆိုပြီး မလှိုင်မြို့နယ် ဆေးရုံကို ရောက်လာတဲ့ ရာဇဝင်ကိုလည်းပြောပြတော့ မလှိုင်ဆေးရုံက သံသယလက္ခဏာနဲ့ ဒီနေ့ ဓာတ်ခွဲပို့ဖို့ စီစဉ်နေတယ်၊ သူ့သမီိးလေးကလည်း အိမ်မှာအတူနေပါတယ်၊ မနေ့ကနဲ့ အရင်ရက်က ဖျားတယ် ပြောလို့ပါ၊ သူတို့ နှစ်ယောက် ကျန်းမာရေးက တည်တည်ငြိမ်ငြိမ် ရှိပါတယ်၊ နှာခေါင်းတို့ဖတ်ယူပြီး ရန်ကုန်ပို့စစ်ပါမယ်၊ အမြန်ဆုံး ပို့နိုင်အောင် စီစဉ်နေပါတယ်၊ အခုဆိုရင် သူတို့ သားအဖနဲ့ ထိတွေ့ခဲ့တဲ့ ကျေးရွာက ၁၂ ယောက်ရှိမယ်၊ ရွာက အိမ်တစ်ဝိုင်းလုံးမှာ အိမ်နှစ်လုံးရှိတယ် ပြောတယ်၊ သူတို့တွေကို Home Quarantine ဆက်နေဖို့ လတ်တလော စီစဉ်ထားတယ်၊ ဓာတ်ခွဲခန်းက အဖြေရခဲ့ရင် ကျန်တာ ဆက်လုပ်သွားရမှာပါ” ဟု မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာနေမင်းမျိုးထွန်းမှ ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ပြောကြားသည်။

“ကျွန်မတို့ မလှိုင်ကို အနယ်နယ်အရပ်ရပ်ကနေ နည်းမျိုးစုံ နဲ့ ဝင်လာနေတာဆိုတော့ ပြည်တွင်းပြည်ပပြန် လူဦးရေစာရင်း အတိအကျ မသိနိုင်ဘူး၊ တစ်ချို့လည်း တာချီလိတ်လို နေရာမျိုးကနေ မလှိုင်ကို ဆိုင်ကယ်နဲ့ စီးလာတယ်၊ ညကျမှ အိမ်ထဲဝင်နေတယ်၊ လိုင်းကားနဲ့ ပြန်လာလည်း မြို့ထဲအဝင်ကျမှ သုံးဘီးတို့၊ ဆိုင်ကယ်တို့ ပြန်ပြောင်းစီးကြတာလည်း ရှိတော့ မလှိုင်က ပြည်တွင်း၊ နယ်စပ်ပြန် လူဦးရေစာရင်းက အတိအကျ မရှိနိုင်ဘူး၊ အဲ့ဒီလိုဆိုတော့ မလှိုင်မြို့နယ်ကို ကျွန်မတို့ တော်တော်စိုးရိမ်တယ်၊ မလှိုင်မြို့နယ်ထဲကို ပြည်ပကနေ ပြန်လာတာနည်းတယ်၊ နယ်စပ်တာချီလိပ်၊ မူဆယ်၊ မြဝတီ ပြန်တွေများတယ်၊ မလှိုင်မှာ Quarantine လုပ်တဲ့ အခါမှာ လိုအပ်ချက်တွေ အများကြီးရှိတယ်၊ ပြည်ပပြန်နဲ့ နယ်စပ်ဒေသပြန်တွေဆိုတော့ ပြည်တွင်းပြန်တွေ လွတ်ကုန်တာလည်း ရှိတယ်၊ အခု ပြည်တွင်းက ပြန်လာတဲ့ လူတွေရှိမယ်၊ ပြည်တွင်း၊ နယ်စပ်ဘယ်က လာလာ Quarantine ဇုန်ထဲပို့မယ် ဆိုရင်ကောင်းမယ်၊ ခုက ပြည်တွင်း၊ ပြည်ပ အမျိုးမျိုး ကွဲပြားနေတာ၊ ပြည်ပနဲ့ နယ်စပ်ဒေသဆိုတော့ မြဝတီ၊ မဲဆောက်က လာတယ်ဆိုရင်တောင်မှ ရန်ကုန်၊ မန္တလေးက လာတယ်ဆိုပြီး ပြောလိုက်ရင်သွား ကိုယ့်အိမ်ထဲမှာ ကိုယ်နေဆိုပြီး ဖြစ်ကြတယ်၊ အခုပြည်တွင်းက ပြန်လာတဲ့လူတွေက စလာတာပဲ၊ ဧည့်သည်တွေရှိမယ်၊ နိုင်ငံခြားနဲ့ ဆက်စပ်တဲ့ စားသောက်ဆိုင်တွေရှိမယ်၊ အဲ့ဒီလိုဆိုတော့ အစိုးရက တိတိကျကျ မူတစ်ခုချသင့်တယ်၊ မူထုတ်ဖို့က တစ်တိုင်းပြည်လုံး နဲ့ ဆိုင်တာဆိုရင်လည်း မြို့နယ် တွေဘက်က ဒေသဆိုင်ရာ အမိန့်တွေထုတ်ပြီး တိတိကျကျ တင်းတင်းကြပ်ကြပ် လုပ်သင့်တယ်၊ အဓိက ပြောချင်တာက အဲ့ဒီအချက်ပဲ တိတိကျကျ၊ တင်းတင်းကြပ်ကြပ် မရှိဘူး၊ မလှိုင်မြို့နယ် အဝင်အထွက်တွေမှာ ခုဆိုဂိတ်တွေထားတယ်၊ ဂိတ်ရယ်လို့ ပီပီပြင်ပြင် မလုပ်နိုင်ကြဘူး၊ ဒီအတိုင်းပဲ ဝါးလုံးထောင်ထား လိုက်တာပဲ၊ ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်ကြတယ်၊ နယ်စပ်ဒေသက ပြန်လာရင်လည်း Quarantine ထားမယ် ဆိုလည်း ရေမီးအဆင်ပြေအောင် လုပ်ပေးမှ အဆင်ပြေမယ်၊ ကံတွင်းကျေးရွာမှာ အိမ်ခြေ (၄၀၀) လောက်ရှိတယ်၊ အခုဖြစ်တဲ့ ကံတွင်းကျေးရွာမှာ ဆိုရင် Quarantine စထားမယ် ဆိုထဲက ပညာရေးက ကျောင်းထဲမှာ လက်မခံတာကနေစပြီး အခက်အခဲဖြစ်တဲ့ရွာ၊ ကျွန်မရောက်မှ Quarantine ထားမယ့် နှစ်ယောက်ကို မီးကြိုးသွယ်အုံး ၊ဒီမှာ ထားအုံးစသဖြင့် အခက်အခဲ ရှိခဲ့တယ်၊ကျွန်မ အဲ့ဒီရွာ ရောက်နေတဲ့ အချိန်မှာကို ကားတွေ တစ်စီးပြီး တစ်စီးရွာထဲ ဝင်နေတယ်၊ ဘယ်ကတုံး မေးကြပါအုံးဆိုရင် ရန်ကုန်၊ မန္တလေး ပြန်လာတာ ဆိုတာပဲ ပြောနေကြတယ်၊ အိမ်ရောက်သွားတော့မှ အိမ်ကနေ ဆွဲပြီးကို Quarantine ပို့ရတာ အခက်အခဲ ဖြစ်တယ်၊ မလှုင်မြို့နယ်ထဲက တစ်ချို့ရွာတွေမှာဆိုလည်း တာချီလိတ်လို့ နေရာမျိုးကနေ မလှိုင်ကို ဆိုင်ကယ်နဲ့ စီးလာတယ်၊ ညကျမှ အိမ်ထဲအသာဝင်နေလိုက်တယ်၊ လိုင်းကားနဲ့ ပြန်လာလည်း မြို့ထဲ အဝင်ကျမှ သုံးဘီးတို့၊ ဆိုင်ကယ်တို့ ပြန်ပြောင်းစီးကြတာလည်း ရှိတော့ မလှိုင်က ပြည်တွင်း၊ နယ်စပ်ပြန် လူဦးရေ စာရင်းက အတိအကျ မရှိနိုင်ဘူး၊ မလှိုင်မြို့နယ်ကို ကျွန်မတို့ တော်တော်စိုးရိမ်တယ်” ဟု မလှိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာငြိမ်းမှ ပြောပြသည်။

မလှိုင်မြို့နယ်တွင် ကျေးရွာပေါင်း ၂၄၇ ရွာရှိပြီး လူဦးရေ တစ်သိန်းကျော်ရှိကာ ထိုင်းနိုင်ငံ၊ မြဝတီ၊ တာချိလိတ်၊ မူဆယ်သို့ အများဆုံး အလုပ်သွားလုပ်လေ့ရှိကြောင်း သိရှိရပြီး မလှိုင်မြို့နယ် အတွင်းတွင် ခုတင် ၅၀ ဆန့် ဆေးရုံ တစ်ရုံနှင့် တိုက်နယ် ဆေးရုံ သုံးရုံရှိကြောင်း သိရှိရသည်။

 


READ NEXT
Cancel OK