Top News

COVID-19 ရောဂါပိုးရှိမရှိ တစ်ရက်လျှင် ဓာတ်ခွဲနမူနာ ၂၀၀ မှ ၃၀၀ ခန့်အထိစစ်ဆေးပေးနေပြီး ဓာတ်ခွဲစစ်ဆေးမှု အဆင့်ဆင့်၏ ကြာမြင့်ချိန်မှာ ၁၆ နာရီမှ ၁၇ နာရီအထိရှိ
24htopnews | October 22, 2024 7:12 AM CST

COVID-19 သံသယလူနာများ၏ ဓာတ်ခွဲနမူနာများကို တစ်ရက်လျှင် နမူနာ စုစုပေါင်း ၂၀၀ မှ ၃၀၀ ခန့်အထိ စစ်ဆေးပေးလျက်ရှိပြီး ရောဂါပိုးရှိမရှိ ဓာတ်ခွဲစစ်ဆေးမှု အဆင့်ဆင့်၏ စုစုပေါင်း ကြာမြင့်ချိန်သည် (၁၆) နာရီ မှ (၁၇) နာရီခန့်အထိ ကြာမြင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီ ၁၃ ရက် မွန်းလွဲပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနအနေဖြင့် တိုင်းနှင့်ပြည်နယ်များမှ ပေးပို့လာသော ဓါတ်ခွဲနမူနာများကို လက်ရှိကမ္ဘာတစ်ဝှမ်း အသုံးပြုလျှက်ရှိသော Polymerase Chain Reaction (PCR) နည်းပညာဖြင့် နေ့စဉ်ပိတ်ရက်မရှိ စစ်ဆေးနေရုံသာမကာ သံသယလူနာများ၏ Clinical Pathology စစ်ဆေးမှုများ၊ ဘက်တီးရီးယား ပိုးမွေးခြင်းဆိုင်ရာ လုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်ရကြောင်း PCR နည်းပညာဖြင့်စစ်ဆေးရာတွင် ဓာတ်ခွဲနမူနာများရယူခြင်း၊ ဓာတ်ခွဲနမူနာများကိုလက်ခံခြင်းနှင့် စာရင်းသွင်းခြင်း၊ ဓာတ်ခွဲနမူနာများကို ထုတ်ယူခြင်း/ပြင်ဆင်ခြင်း၊ ဓာတ်ခွဲနမူနာ မှ Ribonucleic Acid (RNA) ထုတ်ယူခြင်း၊Mastermix preparation ပြုလုပ်ခြင်း နှင့် Extracted RNA ကို Mastermix နှင့်ရောစပ်ခြင်း ၊ COVID-19 ဗိုင်းရပ်စ်ပိုးရှိ/မရှိ Polymerase Chain Reaction (PCR) နည်းပညာဖြင့်စစ်ဆေးခြင်း ၊ ဓာတ်ခွဲအဖြေထုတ်ပေးခြင်း စသည့်အဆင့် ခုနှစ်ဆင့်အား ဆောင်ရွက်ရကြောင်း သိရသည်။

ဓာတ်ခွဲနမူနာများ ရယူခြင်း ဆောင်ရွက်ရာတွင် တိုင်းနှင့်ပြည်နယ်များရှိ ဆေးရုံအသီးသီးမှ Clinical management team မှ စောင့်ကြည့်လူနာ (PUI) အဖြစ် သတ်မှတ်သော လူနာများ၊ Hospital quarantine cases များ၊ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူ (Contact) များ ၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် နမူနာများကို တာဝန်ကျ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းမှ တစ်ကိုယ်ရေရောဂါ ကာကွယ်ရေးဝတ်စုံ (PPE) အပြည့်အစုံဖြင့် စံသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း (SOP) အတိုင်း စနစ်တကျရယူ၍ Viral Transport Media (VTM) ဖြင့် ထည့်ပြီး သတ်မှတ်ထားသော စံလုပ်ထုံး လုပ်နည်းများအတိုင်း Laborarory Request Form နှင့်တကွ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်လျက်ရှိကြောင်း ၊ ထိုသို့ပေးပို့ရာတွင် တိုင်းနှင့်ပြည်နယ် ခရီးအကွာအဝေးအလိုက် ခရီးကြာမြင့်ချိန် ကွားခြားမှုရှိကြောင်း ၊ ဓာတ်ခွဲနမူနာများ ရယူခြင်း၊ ထုပ်ပိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်းများကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများအား သင်တန်းများပို့ချပြီး လိုအပ်သော SOP နှင့် Guideline များကို ဖြန့်ဝေပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းနောက် ဓာတ်ခွဲနမူနာများကိုလက်ခံခြင်းနှင့် စာရင်းသွင်းခြင်း ပြုလုပ်ရာတွင် ပထမဦးစွာ တိုင်းနှင့်ပြည်နယ်များရှိဆေးရုံအသီးသီးမှ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ရောက်ရှိလာသော COVID-19 သံသယ လူနာများ၏ ဓာတ်ခွဲနမူနာများ ကို လက်ခံ၍ လူနာအမည်၊ နေရပ်လိပ်စာ၊ ရောဂါလက္ခဏာများ စသည့် case investigation တွင် ပါသည့် အချက်အလက်များကို စာရင်းသွင်းရကြောင်း၊ ထို့အပြင် ဓာတ်ခွဲနမူနာများကို ထုတ်ယူခြင်း/ပြင်ဆင်ခြင်းတွင်လည်း

တိုင်းနှင့်ပြည်နယ်များရှိ ဆေးရုံများမှ ထုပ်ပိုး၍ ပေးပို့လာသော ဓာတ်ခွဲနမူနာများကို စနစ်တကျ အဆင့်ဆင့်ထုတ်ယူရကြောင်း၊ ပထမဦးစွာ ဓာတ်ခွဲနမူနာထည့်သည့် အအေးပုံး(Sample carrier (Cold Box)) ထဲမှ ဓာတ်ခွဲနမူနာကို မထုတ်ယူမီ Sample carrier ပုံးကို 0.5% Hypochlorite solution ဖြင့် စနစ်တကျ ဆေးကြောရပါသည်။ ထိုနောက် Sample carrier ပုံးထဲမှ ဓာတ်ခွဲနမူနာထည့်ထားသော ပလပ်စတစ်ဘူးကို ထုတ်ယူ၍ ထပ်မံဆေးကြောရကြောင်း၊ ထို့နောက် ပလပ်စတစ်ဘူးကို တစ်ရှုးဖြင့် ခြောက်သွေ့အောင် သုတ်ရကြောင်း ၊ အဆိုပါအဆင့်ဆင့်ကို Biosafety Cabinet အတွင်းတွင် စနစ်တကျပြုလုပ်ရကြောင်း၊ ယင်းနောက် ဓာတ်ခွဲနမူနာထံမှ ribonucleic acid (RNA) ထုတ်ယူရန် အတွက် Nucleic AcidExtraction Room (၂) ခန်းမှ (၃) ခန်း အတွင်းသို့ ပို့ဆောင်ရကြောင်း ၊ ဓာတ်ခွဲနမူနာကို Sample carrier ပုံးထဲမှ ထုတ်ယူ၍ (RNA) ထုတ်ယူရန် အဆင်သင့် ဖြစ်စေရန်အတွက် ဆောင်ရွက်ခြင်း အဆင့်သည် ဓာတ်ခွဲနမူနာ (၂ဝဝ) ကျော် မှ (၃ဝဝ) ကျော် အတွက် တစ်နေ့လျှင် (၂) ကြိမ် ပြုလုပ်ရပြီး စုစုပေါင်း ကြာမြင့်ချိန် (၆) နာရီခန့်ဖြစ်ကြောင်း ၊ ဓာတ်ခွဲနမူနာကို ပြင်ဆင်သူ အနေဖြင့် personal protective equipment (PPE) အပြည့်အစုံ ဝတ်ဆင်ရကြောင်း သိရသည်။

အလားတူ ဓာတ်ခွဲနမူနာ မှ Ribonucleic Acid (RNA) ထုတ်ယူခြင်းအဆင့်တွင် ဓာတ်ခွဲနမူနာများကို Centrifuge တွင် လှည့်ခြင်းနှင့် Washing ပြုလုပ်ခြင်းတို့ကို အကြိမ်များစွာ ပြုလုပ်၍ virus inactivation ပြုလုပ်ရကြောင်း ၊ ထို့နောက် Inactivated ပြုလုပ်ပြီးသော ဓာတ်ခွဲနမူနာထံမှ RNA ကို Manual Method အပြင် Automatic Extractor ဖြင့်လည်း အသုံးပြု၍ ထုတ်ယူကြောင်း ၊ ယင်းအတွက် ဓာတ်ခွဲနမူနာ (၂ဝဝ) မှ (၃ဝဝ) ခန့်အတွက် စုစုပေါင်းကြာမြင့်ချိန် (၅) နာရီခန့်ဖြစ်ကြောင်း ၊ ယင်းအပြင် အဆင့်ငါးဖြစ်သည့် Mastermix preparation ပြုလုပ်ခြင်း နှင့် Extracted RNA ကို Mastermix နှင့်ရောစပ်ခြင်း အဆင့်တွင်လည်း ထုတ်ယူပြီးသော ဓာတ်ခွဲနမူနာ၏ RNA နှင့် Primer & probe ၊ Nucleotide ၊ Polymerase စသည့် enzyme များကို ရောစပ်၍ Polymerase Chain Reaction ဆောင်ရွက်ရန် အတွက် ပြင်ဆင်ခြင်း (Mastermix preparation) ကိုဆောင်ရွက်ရကြောင်း ၊ ပြင်ဆင်ပြီးသော Mastermix ကို Extracted RNA နှင့်ထပ်မံရောစပ်ရကြောင်း အဆိုပါအဆင့်တွင် ဓာတ်ခွဲနမူနာ (၂ဝဝ) မှ (၃ဝဝ) အထိ ကြာမြင့်ချိန် (၃) နာရီ မှ (၄) နာရီ ခန့်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့နည်းတူ အဆင့်ခြောက်ဖြစ်သည့် COVID-19 ဗိုင်းရပ်စ်ပိုးရှိ/မရှိ Polymerase Chain Reaction (PCR) နည်းပညာဖြင့်စစ်ဆေးခြင်း အဆင့်တွင် Polymerase Chain Reaction သည် ဓာတ်ခွဲနမူနာတွင် ပါဝင်သော Deoxyribonucleic acid (DNA) ကို အဆများစွာပွား၍ ဓာတ်ခွဲနမူနာ ၏ DNA နှင့် သက်ဆိုင်ရာဗိုင်းရပ်စ်ပိုး၏ DNA တို့ ကိုက်ညီမှုရှိမရှိ စစ်ဆေးသော ဓာတ်ခွဲစမ်းသပ်စစ်ဆေးနည်း ဖြစ်ပါသည်။ PCR စစ်ဆေးသည့် အဆင့်တွင် ဓာတ်ခွဲနမူနာ၏ RNA ကို DNA သို့ပြောင်းလဲခြင်း (Reverse Transcription) ၊ ပြောင်းလဲပြီး သော DNA ကို double stranded မှ single stranded သို့ပြောင်းလဲခြင်း (denaturing stage) ၊ single stranded DNA များကို primer ဖြင့်ပေါင်းခြင်း (Annealing stage) ၊ primer ပေါင်းပြီးသော single stranded DNA များကို Polymerase ကို အသုံးပြု၍ nucleotide များဖြင့်ပေါင်းစပ်ကာ Double Stranded DNA ဖြစ်အောင် ဆောင်ရွက်ခြင်း (Extending stage) စသည်တို့ကို (၄၅) ကြိမ်ထိ ပြုလုပ်ရကြောင်း ၊ DNA copies များ Billion copies အထိ တိုးပွားအောင် ဆောင်ရွက်နိုင်ကြောင်း၊ False negative များမရှိစေရန်နှင့် COVID-19 ဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇ (Gene) များအားလုံးကို ရှာဖွေနိုင်ရန်အတွက် Different Protocol (၂) ခု မှ (၃) ခုဖြင့် ဆောင်ရွက်ရကြောင်း၊ သက်ဆိုင်ရာ PCR စက် အမျိုးအစားပေါ် မူတည်၍ စက်တစ်လုံးလျှင် ဓာတ်ခွဲနမူနာ (၉၀) ကျော် စစ်ဆေးနိုင်ပြီး စစ်ဆေးချိန် (၁)နာရီခွဲခန့်အထိ ကြာမြင့်သောကြောင့် ဓာတ်ခွဲနမူနာ (၂ဝဝ) မှ (၃ဝဝ) အထိဖြစ်ပါက စက် (၂) လုံးဖြင့် (၂) ကြိမ် စစ်ဆေးရသည့်အတွက် (၃) နာရီခန့် ကြာမြင့်ကြောင်း သိရသည်။

ထို့နောက် PCR နည်းပညာဖြင့် အဆများစွာပွားပြီးသော ဓာတ်ခွဲနမူနာ၏ DNA ကို COVID-19 ဗိုင်းရပ်စ်ပိုး၏ DNA နှင့်တူညီမှုရှိမရှိ တိုက်ဆိုင်စစ်ဆေးရကြောင်း ၊ သံသယလူနာ၏ ဓာတ်ခွဲနမူနာ DNA သည် COVID-19 ဗိုင်းရပ်စ်ပိုး၏ DNA နှင့်တူညီမှုရှိပါက COVID-19 ရောဂါပိုးရှိသည်ဟု သတ်မှတ်နိုင်ကြောင်း ၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာတွင် positive control နှင့် negative control တို့ ကောင်းမွန်စွာ အဖြေမှန်ကန်မှသာ စစ်ဆေးချက်အဖြေကို အတည်ပြုသတ်မှတ်နိုင်ကြောင်း ၊ အဆိုပါ အဆင့်၌ Positive Control နှင့် Negative Control များကောင်းမွန်စွာ အလုပ်မလုပ်လျှင် Mastermix အဆင့်မှ တဖန်ပြန်လည်စတင်ဆောင်ရွက်ရကြောင်း သိရသည်။ ထို့အတူ အဆင့် ခုနှစ်ဖြစ်သည့်

ဓာတ်ခွဲအဖြေထုတ်ပေးခြင်း အဆင့်တွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု အဖြေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဆေးရုံများသို့ Code No. ဖြင့် လုံခြုံရးအဆင့် သတ်မှတ်၍ အချိန်နှင့် တစ်ပြေးညီ ပေးပို့အကြောင်းကြား လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယင်းကြောင့် PCR နည်းပညာဖြင့် COVID-19 ဗိုင်းရပ်စ်ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးရာတွင် ဓာတ်ခွဲစစ်ဆေးမှု အဆင့်ဆင့်၏ စုစုပေါင်း ကြာမြင့်ချိန်မှာ (၁၆) နာရီ မှ (၁၇) နာရီခန့်အထိဖြစ်ပြီး ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု အဆင့်တိုင်းတွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေး သော ဓာတ်ခွဲဝန်ထမ်းများအနေဖြင့် ရောဂါပိုး ကူးစက်ခံရမှု မရှိစေရန်အတွက် ကူးစက်ရောဂါ ကာကွယ်ရေးဝတ်စုံ (Personal Protective Equipment - PPE) အပြည့်အစုံကို ဝတ်ဆင်၍ ဓာတ်ခွဲခန်းလုံခြုံရေးအဆင့်အရ သတ်မှတ်ထားသော Enhanced BSL-2 Laboratory ထဲတွင် ကောင်းမွန်သော ဓာတ်ခွဲခန်းကျင့်စဉ် (Good Laboratory Practice) ဖြင့် ဆောင်ရွက်ရကြောင်း ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ပေးပို့လာသော သံသယ COVID-19 လူနာများ၏ ဓာတ်ခွဲနမူနာများကို လက်ခံ၍ COVID-19 ဗိုင်းရပ်စ်ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကို နေ့စဉ်နေ့တိုင်း ပိတ်ရက်မရှိ နေ့ရောညပါ တာဝန်ကျဝန်ထမ်းများမှ (၂၄/၇) တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 


READ NEXT
Cancel OK