Top News

သုံးဘီးယာဉ်များတွင် စျေးဆိုင်ကဲ့သို့ ဝန်ဆောင်မှုများ ပေးနိုင်မည့် ရွေ့ရွေ့လျားလျား ဒီဂျစ်တယ်စတိုးများ ဝန်ဆောင်မှုလုပ်ငန်းသစ် မိတ်ဆက်
24htopnews | October 22, 2024 2:12 PM CST

Get Ride မှ သုံးဘီးယာဉ်များတွင် စျေးဆိုင်ကဲ့သို့ ဝန်ဆောင်မှုများပေးနိုင်မည့် ရွေ့ရွေ့လျားလျား ဒီဂျစ်တယ် စတိုးများ ဝန်ဆောင်မှုလုပ်ငန်းသစ် မိတ်ဆက်ခြင်းအား မန္တလေးမြို့တွင် သြဂုတ် ၁၉ ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါဝန်ဆောင်မှု လုပ်ငန်းမှာ Get Digital Store On the Go အမှတ်တံဆိပ်ဖြင့် အသင်းဝင် သုံးဘီးယာဉ်မောင်းများသည်  ဒီဂျစ်တယ် ပလက်ဖောင်းမှတစ်ဆင့် ဖုန်းငွေဖြည့်ကတ်၊ ကားလက်မှတ်၊ ဂိမ်းကတ်အမျိုးမျိုး ရောင်းချခြင်း ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

“သုံးဘီးမောင်းရင်း ယာဉ်မောင်းတွေအတွက် အခြားလုပ်ငန်းသစ်အနေနဲ့ ဝန်ဆောင်မှုတွေကိုပေးနိုင်တဲ့ အစီအစဉ်ကို စတင်တာဖြစ်တယ်။ ဒီသုံးဘီးတစ်စင်းက ဆိုင်တစ်ဆိုင်လိုပဲ ဖြစ်သွားမယ်။ ယာဉ်မောင်းတွေ အနေနဲ့လည်း အရင်းအနှီးနည်းနည်းနဲ့ လုပ်ငန်းရှင်ဖြစ်သွားပြီး အပိုဝင်ငွေရရှိနိုင်မှာ ဖြစ်တယ်။ ဒီအစီအစဉ်ကို မြန်မာလို ရွေ့ရွေ့လျား လျား ဒီဂျစ်တယ်စတိုးများလို့ ခေါင်းစဉ်ပေးထားပြီး ဝန်ဆောင်မှုဝယ်ယူသူတွေ အနေနဲ့ တွေ့တဲ့နေရာမှာ သုံးဘီးဒီဂျစ်တယ် စျေးဆိုင်တွေကိုတားပြီး အလွယ်တကူ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ လက်တွဲလုပ်နေတဲ့ ယာဉ်မောင်းတွေထဲက ကနဦး အယောက် ၂၀ ကို ကုမ္ပဏီက အရင်းအနှီး စိုက်ထုတ်ပေးသွားမှာပါ” ဟု Get Ride ၏ CEO ဦးငြိမ်းချမ်း စိုးဝင်းက ပြောကြားသည်။

ယင်းအစီစဉ်ဖြင့် ကနဦးတွင် ဝန်ဆောင်မှုလုပ်ငန်းလေးမျိုးကို စတင်ရောင်းချပေးနိုင်မည်ဖြစ်ကာ နောက်ပိုင်းတွင် အခွန်အခများ ကောက်ခံခြင်း၊ အာမခံကြေး ပေးဆောင်ခြင်း၊ အစားအသောက်နှင့် ပစ္စည်းများ ပို့ဆောင်ပေးခြင်း၊ လူသုံးကုန်နှင့် အိမ်သုံးကုန်ပစ္စည်းများ ပို့ဆောင်ပေးခြင်း၊ လေယာဉ်လက်မှတ် ဝယ်ယူခြင်းတို့ပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Get Ride အနေဖြင့် ကနဦးတွင် မော်တော်ဆိုင်ကယ်များဖြင့် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်ကာ နောက်ပိုင်းတွင် သုံးဘီးယာဉ်ပိုင်ရှင်များဖြစ်ရန် ယာဉ်မောင်းဘဝများကို အဆင့်မြင့်တင် ပေးနိုင်ခဲ့ပြီး ထပ်မံ၍ ဒီဂျစ်တယ်ခေတ်တွင် နောက်ကျန်ခြင်း မဖြစ်စေဘဲ လုပ်ငန်းရှင်ဘဝများအထိ ဖြစ်လာစေရန် ရည်ရွယ်ကာ ယခုအစီစဉ်အား ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK