Top News

7 july အထိမ်းအမှတ် ချီတက်အလေးပြုခြင်းကြောင့် ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသည့် တကသ ကျောင်းသားနှစ်ဦးကို လှှိုင်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၇ ရက်ချမှတ်
24htopnews | October 22, 2024 2:12 PM CST

7 july အထိမ်းအမှတ် ချီတက်အလေးပြုခြင်းကြောင့် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသည့် တကသ ကျောင်းသားနှစ်ဦးကို လှှိုင်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၇ ရက်ချမှတ် ခဲ့သည်။

7 july ချီတက်ရာတွင်ပါဝင်ခဲ့သည့် တကသ ကျောင်းသားနှစ်ဦးဖြစ်သည့် ကိုဇင်မင်းဖြိုးနှင့် ကိုမင်းဟန်ထက်တို့ကို  လှိုင်မြို့နယ်တရားရုံး၌ ဩဂုတ် ၂၀ ရက်တွင် ၇ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် အမိန့်ချမှတ်ခဲ့့ခြင်း ဖြစ်သည်။

တရားစွဲဆိုခံထားရသည့် ကျောင်းသားများမှာ 7 july အထိမ်းအမှတ် ချီတက်အလေးပြုခဲ့သည်မှာ မှန်ကန်သော်လည်း ချီတက်အလေးပြုခြင်းအတွက် အပြစ်မရှိကြောင်း တရားခွင်ထွက်ဆိုခဲ့ပြီး တရားရုံးနှင့် ပူးပေါင်ဆောင်ရွက်မှု မရှိခဲ့ပေ။

ထို့ကြောင့် ရုံးချိန်းတွင် တရားသူကြီးမှ အမိန့်ချမှတ်ရန် ကျောင်းသားများကို မတ်တပ်ရပ်ခိုင်းရာ ကျောင်းသားများက ချမှတ်မည့်ပြစ်ဒဏ်ကို အသိအမှတ်မပြုဟုဆိုကာ မတ်တပ်ရပ်ခြင်း မပြုသည့်အတွက် အမိန့်ချမှတ်ရန် ကြန့်ကြာမှုများ ရှိခဲ့ပြီး တရားသူကြီးနှင့် ကျောင်းသားများအကြား တင်းမာမှုဖြစ်ပွားခဲ့သည်။

စတင်တရားစွဲဆိုသည့်အချိန်မှစ၍ အာမခံ မယူဘဲ အင်းစိန်ထောင်အတွင်းမှ အချုပ်ဖြင့် တရားရင်ဆိုင်ခြင်းဖြစ်သည့်အတွက် တရားစွဲဆိုခံရသည့်ကျောင်းသားများမှာ အချုပ်ဖြင့် တစ်လကြာ အမှုရင်ဆိုင်ခဲ့ရပြီး လှှိုင်မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၇ ရက်ချမှတ်ခဲ့ခြင်းကြောင့် ရုံးချိန်းအပြီး ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခံရသူ ကျောင်းသားနှစ်ဦးအနက် ကိုမင်းဟန်ထက်မှာ ဒေါင်းတို့မိိျုးဆက်သံချပ်အဖွဲ့ ဗိုလ်တစ်ထောင် ရုံးချိန်းတွင် ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်ကြောင့် ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုခြင်းခံထားရသည့်အတွက် လှှိုင်မြို့နယ်တရားရုံးမှ အမိ်န့်ချမှတ်ပြီးနောက် ဗိုလ်တစ်ထောင်မြို့နယ် တရားရုံးတွင် အာမခံယူကာ တရားရင်ဆိုင်မည်ဖြစ်ကြောင်း သိရသည်။

7 july ချီတက်ရာတွင်ပါဝင်ခဲ့သည့် ကျောင်းသားရှစ်ဦးကို ပုဒ်မ ၁၉ ဖြင့် ဇူလိုင် ၁၈ ရက်တွင် စတင်တရားစွဲဆိုခဲ့ပြီး တကသ ကျောင်းသားနှစ်ဦးမှာ အာမခံမယူသည့်အတွက် အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

7 july ချီတက်ရာတွင်ပါဝင်ခဲ့ကြသည့် ဗကသများ အဖွဲ့ချုပ်မှ ကျောင်းသား ၆ ဦးကို ကမာရွတ်မြို့နယ်တရားရုံးနှင့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)မှ ကျောင်းသားနှစ်ဦးကို လှိုင်မြို့နယ်တရားရုံးတွင် ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ပြီး ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား ၄ ဦးသာ တရားရုံးသို့လာရောက်ခဲ့ပြီး ကိုယ်ပိုင်ခံဝန်ဖြင့် အာမခံယူခဲ့ကြောင်း၊ တကသ ကျောင်းသားနှစ်ဦးမှာ အာမခံမယူသည့်အတွက် လှိုင်မြို့နယ်တရားရုံးမှ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်တွင် ဖြိုချဖျက်ဆီးခြင်းခံခဲ့ရသည့် သမဂ္ဂအဆောက်အုံမြေနေရာတွင် ဝမ်းနည်းခြင်းအထိန်းအမှတ်အဖြစ် 7 july အခမ်းအနားကို ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ဗကသများ အဖွဲ့ချုပ်မှဦးဆောင်ကာ စိုက်ပျိုးရေးမှတ်တိုင်မှ သမဂ္ဂမြက်ခင်းပြင်အထိ လမ်းလျှောက်ချီတက်ခဲ့ကြသည်။

ထို့နောက် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)မှ မွန်းလွဲ ၂နာရီတွင်် အင်းလျားကန်ဘောင်မှ သမဂ္ဂမြက်ခင်းပြင်အထိ လမ်းလျှောက်ချီတက်ခဲ့ကြပြီး 7 july အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့လမ်းလျှောက်ချီတက်ရာတွင် ပါဝင်ခဲ့သည့် ဗကသများအဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်၊မအိသီရိကျော်၊ ကိုစိုင်းသုဝဏ်၊ ကိုဝေယံဖြိုးမိုး၊ ကိုသူရလင်း၊ ကိုခန့်မင်းထက်တို့ကို ကမာရွတ်နယ်မြေရဲစခန်းတွင် လည်းကောင်း၊ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားနှစ်ဦးဖြစ်သည့် ကိုဇင်မင်းဖြိုး၊ကိုမင်းဟန်ထက်တို့ကို လှိုင်မြို့နယ်ရဲစခန်းတွင်လည်းကောင်း ဇူလိုင် ၁၃ ရက်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် 7 july လမ်းလျှောက်ချီတက်ခြင်းကြောင့် ကမာရွတ်ရဲစခန်းတွင် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား ခြောက်ဦးနှင့် လှိုင်ရဲစခန်းတွင် တကသမှ ကျောင်းသားနှစ်ဦး စုစုပေါင်း ရှစ်ဦး အမှုဖွင့်ခံထားရခြင်း ဖြစ်သည်။

7 july အခမ်းအနားချီတက်လမ်းလျှောက်ခြင်းနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ်တွင် ဖမ်းဆီးခဲ့ခြင်းများရှိခဲ့သော်လည်း နိုင်ငံရေးအသိုင်းအဝိုင်း၏ ဝေဖန်မှုများကြောင့် တရားစွဲဆိုဖမ်းဆီးခြင်းမရှိခဲ့ဘဲ နှစ်စဉ်ပြုလုပ်လျက်ရှိပြီး ယခုနှစ်တွင် စတင်တရားစွဲဆိုခြင်းဖြစ်သည်။

 


READ NEXT
Cancel OK