Top News

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ NRPC နှင့် KNU ၊ RCSS တို့ ထိုင်းနိုင်ငံ ချင်းမိုင်တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး ကောင်းမွန်သောရလဒ်များ ရရှိခဲ့ဟုနှစ်ဖက်ကိုယ်စားလှယ်များ ပြောကြား
24htopnews | October 22, 2024 2:12 PM CST

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS ) တို့ ထိုင်းနိုင်ငံ ၊ ချင်းမိုင်တွင် သြဂုတ် ၂၀ ရက်က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုသို့တွေ့ဆုံရာတွင် ကောင်းမွန်သော ရလဒ်များ ရရှိခဲ့သည်ဟု နှစ်ဖက်ကိုယ်စားလှယ်များက ပြောကြားသည်။

NRPC နှင့် KNU တို့၏ တွေ့ဆုံမှုတွင် NRPC ဘက်မှ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) ၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေ ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ ပါဝင်တက်ရောက်ခဲ့ပြီး KNU ဘက်မှ ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ ပဒိုမန်းငြိမ်းမောင် (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်)၊ ပဒိုစောဆဲဂေ (ဗဟိုအမြဲတမ်း ကော်မတီဝင်)၊ ပဒိုစောတောနီး (ဗဟိုအမြဲတမ်း ကော်မတီဝင်) နှင့် ပဒိုစောအယ်ကလူစေး (ဗဟိုအမြဲတမ်းကော်မတီဝင်) တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခု အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုသည် အစိုးရနှင့် KNU အကြား ၁၀ ကြိမ်မြောက် အလွတ်သဘောတွေ့ဆုံမှုဖြစ်ပြီး ယခုတွေ့ဆုံမှုတွင် ကောင်းမွန်သောရလဒ်များ ရရှိခဲ့သည်ဟု နှစ်ဖက်ကိုယ်စားလှယ်များဖြစ်သည့် ဦးလှမောင်ရွှေနှင့် ပဒိုစောတာ ဒိုမူးတို့က ပြောကြားသည်။

“အစိုးရဘက်ကတော့ သူတို့အဆိုပြုထားတဲ့ အဆိုပြုလွှာအပေါ်မှာ အခြေခံပြီးတော့ ပြောတာလေးတွေ တချို့ရှိတယ်။ အဓိကကတော့ ကျွန်တော်တို့ ပြောတာကို နားထောင်တဲ့သဘော ပိုပါပါတယ်။သူတို့ရဲ့ အဆိုပြုချက်လေးချက်ကို ရှင်းတယ်ဆိုတာထက် အဲဒီအခြေခံသဘောတရားအပေါ်မှာ ကျွန်တော်တို့ရဲ့ သဘောထားကို မေးတာပါ။ ကျွန်တော်တို့ကတော့ လွန်ခဲ့တဲ့ ဧပြီလ ၁၁ ရက်ကတည်းက ကျွန်တော်တို့ ပေးအပ်ထားတဲ့ အဆိုပြုလွှာရှိတယ်။ အဆင့်လေးဆင့် အဆိုပြုလွှာပေါ့။ ဆိုတော့ အဲဒီအပေါ်မှာ မူတည်ပြီးတော့ အစိုးရဘက်က ဇွန် ၁၃ ရက်နေ့မှာ နောက်ထပ်အဆိုပြုလွှာတစ်ခုကို အစိုးရဘက်က ပြန်တင်တယ်။ ဆိုတော့ အဲဒီနှစ်ခုကို ယှဉ်ပြီးတော့ ဘယ်လိုကွာခြားသလဲဆိုတဲ့ ယှဉ်ပြချက်ကိုတော့ ကျွန်တော်တို့ တင်ပြတာပေါ့။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကျွန်တော်တို့ ပိုပြီးတော့ အစိုးရဘက်ကို ရှင်းပြလိုက်တာက ကျွန်တော်တို့ရဲ့ အဆင့်လေးဆင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ဘယ်လိုတစ်ဆင့်ချင်း၊ အေးချမ်းတည်ငြိမ်မှုတွေကို စတင်ဖန်တီးပြီးတော့ ယုံကြည်မှု တည်ဆောက်ခြင်းကနေ တစ်ဆင့်ပြီးတစ်ဆင့် ဘယ်လိုသွားသင့်သလဲဆိုတဲ့ Concept ကို ပိုပြီးတော့ အသေးစိတ်ထားပြီးတော့ ကျွန်တော်တို့ ရှင်းပြတာဖြစ်ပါတယ်” ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားသည်။

NCA အကောင်အထည်ဖော်ရာတွင် အဓိပ္ပာယ်ဖွင့်ဆိုချက်များ သဘောတူညီချက် ရရှိအောင် ဆောင်ရွက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ဖက်ဒရယ်အခြေခံမူများရရှိအောင် ဆောင်ရွက်ရေး ၊ ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန်ကာလတွင် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးဖက်များအကြား နှစ်ဖက်သဘောတူညီချက်များရရှိအောင် ဆောင်ရွက်ရေးနှင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေး၏ အသီးအပွင့်များ ခံစားနိုင်ရေးဟူသော အချက်လေးချက်ကို အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ အဆိုပြုထားသည်။

“အရမ်းကောင်းမွန်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပိုပြီးတော့ အသေးစိတ်ကျကျ ဆွေးနွေးချင်ပါတယ်ဆိုပြီးတော့ ကျွန်တော်တို့ဘက်က ပြန်ကမ်းလှမ်းတာပေါ့။ အဲဒီတော့ပိုပြီးတော့ အသေးစိတ်ကျကျ ရှင်းပြနိုင်အောင် ရည်ရွယ်ပြီးတော့ နောက်လထဲ မှာ ကျွန်တော်တို့ ပထမပတ်လောက်မှာ ကျွန်တော်တို့ ရန်ကုန်မှာသွားတွေ့ပါမယ်။အဲဒီ သဘောတော့ ကျွန်တော်တို့ အကြမ်းဖျင်း လက်ခံထားကြပါတယ်” ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။

နေပြည်တော်တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သော အစိုးရ၊ တပ်မတော်နှင့် NCA – SEAO ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးအပြီးတွင် KNU က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းခဲ့ပြီး ထိုသို့ရပ်ဆိုင်းခဲ့ခြင်းသည် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း ယခုတွေ့ဆုံပွဲတွင် KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့သည်ဟု ဦးလှမောင်ရွှေက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

NRPC နှင့် KNU တို့၏ ယခုတွေ့ဆုံဆွေးနွေးပွဲသည် လုပ်ငန်းညှိနှိုင်း တွေ့ဆုံဆွေးနွေးပွဲဖြစ်ကြောင်း၊ ဆွေးနွေးခဲ့သော ၁၀ ကြိမ်ထဲတွင် ယခုဆွေးနွေးပွဲသည် အပေါင်းလက္ခဏာအဆောင်ဆုံးနှင့် ပြေလည်မှုအရှိဆုံးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုမြန်ဆန်လာမည်ဟု ယုံကြည်ကြောင်း ဦးလှမောင်ရွှေက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

NRPC နှင့် KNU တို့၏ တွေ့ဆုံပွဲကို နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး NRPC နှင့် RCSS တို့၏ တွေ့ဆုံပွဲကို မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ NRPC နှင့် RCSS တို့၏ တွေ့ဆုံမှုတွင်လည်း ကောင်းမွန်သော ရလဒ်ထွက်သည်ဟု ပြော၍ရကြောင်း RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

“အဓိကဆွေးနွေးတာကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစ်ဆို့နေတဲ့အရာတွေကို ဘယ်လိုကျော်လွှားသွားကြမလဲဆိုတဲ့ကိစ္စ ဆွေးနွေးကြတယ်။ နောက်အစိုးရကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ဖော်ဆောင်နိုင်ရေး အဆိုပြုချက် လေးရပ်အပေါ်မှာ သူတို့က လာပြီးတော့ ရှင်းလင်းပြတယ်။ ကျွန်တော်တို့ဘက်က ပြန်ဆွေးနွေးတယ်။  နောက်တစ်ချက်ကတော့ ကျွန်တော်တို့ သက်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးကိစ္စလေးတွေ အဲဒီကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ချုပ်ပြီးပြောရမယ်ဆိုရင်တော့ ဒီနေ့တွေ့တဲ့ပွဲက ကောင်းမွန်တဲ့ရလဒ် ထွက်တယ်လို့ ပြောလို့ရပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) ဦးဆောင်သည့် NRPC ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁၉ ရက်ကလည်း NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အစိုးရ၏အကောင်အထည်ဖော် ဆောင်ရွက်လိုမှုများကို ရှင်းလင်းပြောကြားခဲ့သည်။            


READ NEXT
Cancel OK