Top News

ရန်ကုန်တက္ကသိုလ် ဝင်ခွင့်အတွက် ဒုတိယဦးစားပေး လျှောက်ထားသူများကို လူတွေ့စတင်စစ်ဆေးပြီး သတ္တဗေဒ ဘာသာရပ် လျှောက်ထားသူ အများဆုံးဖြစ်
24htopnews | October 22, 2024 2:12 PM CST

ရန်ကုန်တက္ကသိုလ် ဝင်ခွင့်အတွက် ဒုတိယအကြိမ် လူတွေ့စစ်ဆေးခြင်းကို သြဂုတ် ၂၀ ရက်က ကျင်းပခဲ့ကြောင်း ရန်ကုန်တက္ကသိုလ်မှ လက်ထောက်မော်ကွန်းထိန်း ဦးအောင်စိုးက ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် ဝင်ခွင့်အတွက် ဒုတိယဦးစားပေး လျှောက်ထားသူ ၃၂၆ ဦး ရှိကြောင်း ရန်ကုန်တက္ကသိုလ်မှ လက်ထောက်မော်ကွန်းထိန်း ဦးအောင်စိုးက ပြောကြားသည်။

“ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ကို ပထမဦးစားပေး အနေနဲ့ အကြောင်းကြောင်းကြောင့် မရတဲ့ လူတွေက ဒီဒုတိယအကြိမ်မှာ ၃၉ ယောက်။ တခြားကျောင်းကနေပြီးတော့ ရန်ကုန်တက္ကသိုလ်ကို ဒုတိယဦးစားပေး တတိယ ဦးစားပေးဆိုပြီး လျှောက်တာ ၂၈၇ ယောက်ရှိတယ်။ စစ်ဆေးတာကတော့ ဘာသာရပ်အလိုက် သူ့ဌာနတွေမှာ စစ်ဆေးတာ” ဟု လက်ထောက်မော်ကွန်းထိန်း ဦးအောင်စိုးက ပြောကြားသည်။

ဒုတိယအကြိမ် လျှောက်ထားသူများအနက် သတ္တဗေဒ ဘာသာရပ်အား လျှောက်ထားသူ အများဆုံးဖြစ်ပြီး အရှေ့တိုင်း ဘာသာရပ်သည် လျှောက်ထားသူ အနည်းဆုံး ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဒုတိယဦးစားပေး လျှောက်ထားသူများကို  သြဂုတ် ၂၀၊ ၂၁ ရက် နံနက် ၁၀ နာရီမှစ၍ လူတွေ့စစ်ဆေးမည်ဖြစ်သည်။

လူတွေ့ စစ်ဆေးခြင်းကို ဘာသာရပ်အလိုက် သက်ဆိုင်ရာ ဌာနအသီးသီးတွင် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ပထမဦးစားပေး လျှောက်ထားသူများအား လူတွေ့စစ်ဆေးခြင်းကို ဇူလိုင် ၂၇၊၂၈ ရက်တို့တွင် စစ်ဆေးခဲ့ပြီး လာရောက်ဖြေဆိုသူ ၉၀၀ ကျော်ရှိကြောင်း ရန်ကုန်တက္ကသိုလ်မှ လက်ထောက် မော်ကွန်းထိန်း ဦးအောင်စိုးက ပြောကြားသည်။

ရန်ကုန်တက္ကသိုလ်တွင် ပထမနှစ် သင်တန်းတွက် ကျောင်းသူ ကျောင်းသား စုစုပေါင်း ၂၁၃၀ လက်ခံမည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်တွင် သင်ကြား ပို့ချလျက်ရှိသော အထူးပြု ဘာသာရပ် ၂၆ ခုရှိသည်။ ဝေးလံခေါင်ဖျား ဒေသများမှ လျှောက်ထားသော ကျောင်းသား ကျောင်းသူများအတွက် ခွဲတမ်းကို ဘာသာရပ် အသီးသီးတွင် လက်ခံမည့် ဦးရေ၏ နှစ်ရာခိုင်နှုန်း ထားရှိမည် ဖြစ်ကြောင်း သိရသည်။

သီးခြားဝင်ခွင့် တိုက်ရိုက်ခေါ်ယူသည့် တက္ကသိုလ် ၁၄ ခုအနက် ရန်ကုန်တက္ကသိုလ်တွင်သာ အရည်အချင်းစစ် လူတွေ့နှုတ်ဖြေ စာမေးပွဲ စစ်ဆေးကြောင်း သိရသည်။

ဝင်ခွင့်ရရှိသူများ စာရင်းကို နိုဝင်ဘာလတွင် ကြေညာပေးမည်ဖြစ်ပြီး ဒီဇင်ဘာလတွင် ပထမနှစ် သင်တန်းများ စတင်ဖွင့်လှစ် မည်ဖြစ်သည်။

သင်တန်းကာလမှာ လေးနှစ်တက်ရောက်ရမည်ဖြစ်ပြီး ဥပဒေ ပညာဘာသာရပ်သည် ငါးနှစ် တက်ရောက်ရမည် ဖြစ်ကာ B.A, B.Sc, B.Es နှင့် LL.B ဘွဲ့တို့ ပေးအပ်မည်ဖြစ်သည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ လျှောက်ထားသူ နှစ်ထောင်ကျော်ရှိရာမှ ၁၉၆၁ ဦးအား ဝင်ခွင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။    

 


READ NEXT
Cancel OK