Top News

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများတွင် ဒဏ်ရာရရှိနေသည့် လူနာများကို အလံဖြူထောင်၍ သွားရောက် ကယ်ဆယ်သည့် ကရုဏာ လူမှုကူညီရေးအဖွဲ့မှ ယာဉ်အချို့ ပစ်ခတ်ခံရ
24htopnews | October 22, 2024 2:12 PM CST

ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲများတွင် ဒဏ်ရာရရှိနေသည့် လူနာများကို အလံဖြူထောင်က သွားရောက် ကယ်ဆယ်သည့် ကရုဏာ လူမှုကူညီရေးအဖွဲ့မှ ယာဉ်အချို့ အပစ်ခံရကြောင်း အဆိုပါအသင်းမှ ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားသည်။

သြဂုတ် ၂၀ ရက် မွန်းလွဲ ၁ နာရီကျော်တွင် အပစ်ခံရခြင်းဖြစ်ပြီး လူနာများကို ကယ်ဆယ်နိုင်ခြင်းမရှိဘဲ ပြန်လှည့်လာခဲ့ရကြောင်း ဦးသောင်းထွန်းက ပြောကြားသည်။

“အချက် ၃၀ လောက်ရှိမယ်။ ကားတွေ အကုန်လုံးမှာလည်း အလံဖြူထောင်ထားတာ။ ပစ်တော့ ဘယ်လိုမှ သွားလို့မရတော့ဘူး။ ဟိုဘက်က လူနာရှင်တွေနဲ့ အဆက်အသွယ်ရတယ်။ လူနာက သေနတ်ကျည်ဆန် မှန်ထားတော့ အနာက ပုပ်ချင်နေပြီ။ ဒီနေ့သွားမခေါ်နိုင်တော့ လူနာက ခြေထောက်ဖြတ်ရမယ့် အခြေအနေမှာ ရှိတယ်” ဟု ကရု ဏာလူမှုကူညီရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားသည်။

ဒဏ်ရာရရှိသည့် လူနာနှစ်ဦးနှင့် သေဆုံးသူ နှစ်ဦးရှိသဖြင့် ပလောင်ယဉ်ကျေးမှုအဖွဲ့မှ အကူအညီ တောင်းသဖြင့် အရေးပေါ် လူနာတင်ယာဉ် သုံးစီးဖြင့် သွားရောက် ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း၊ မူဆယ်မြို့ ဟိုမုန်းရွာနှင့် ဟန်ကန်ရွာ အကြားတွင် အပစ်ခံရခြင်းဖြစ်ကြောင်း၊ ယင်းသို့ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိသူ မရှိကြောင်း၊ ယာဉ်သုံးစီးတွင် လူမှုကူညီရေး လုပ်ဆောင်မည့်သူ ရှစ်ဦးပါဝင်ကြောင်း ဦးသောင်းထွန်းက ဆက်လက် ပြောကြားသည်။

“မူဆယ် ၁၀၅ မိုင် တိုက်ပွဲတွေရော၊ နမ့်ခမ်းတိုက်ပွဲရော၊ နမ့်အော် ဆက်ကြေးတောင်းတဲ့ နေရာတွေရော သွားပြီးတော့ ကူညီပေးဖူးတယ်။ အဲဒီတုန်းက ပြောသွားရင် ညီနောင်တိုင်းရင်းသားတွေဖြစ်တဲ့ ပလောင် အဖွဲ့တို့၊ ကချင်အဖွဲ့တို့က ကူညီတယ်။ ပြောလို့ရှိရင် ခွင့်ပေးတယ်။ ရန်လည်းမလုပ်ဘူး။ အခုဟာက ဒီအဖွဲ့ကတော့ ဟိုးတစ်ရက်ကလည်း တွေ့ထားဖူးတယ်။ အခုကတော့ ကျွန်တော်တို့ကို ပစ်တာပေါ့” ဟု ဦးသောင်းထွန်းက ဆက်လက် ပြောကြားသည်။

လွန်ခဲ့သည့် သုံးရက်ခန့်ကလည်း ယင်းအဖွဲ့မှာ နာရေးတစ်ခုရှိသဖြင့် သွားရောက်ပို့ဆောင်ရန် စီစဉ်ရာ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က လမ်းပိတ်ထားခြင်းကြောင့် လမ်းဖွင့်ပေးရန် အကူအညီ တောင်းခံခဲ့ကြောင်း၊ သို့သော် ခွင့်ပြုခဲ့ခြင်း မရှိကြောင်း ဦးသောင်းထွန်းက ဆက်လက်ပြောကြားသည်။

ကရုဏာ လူမှုကူညီရေးအဖွဲ့အား ၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သက်တမ်းအားဖြင့် ၁၁ နှစ်ကျော် ရှိပြီဖြစ်သည်။

မူဆယ် ၁၀၅ မိုင်တိုက်ပွဲ၊ နမ့်ခမ်းတိုက်ပွဲ ဖြစ်ပွားနေသည့် ကာလများအတွင်း ဒဏ်ရာရရှိခဲ့သည့် ဒေသခံများကို အစဉ်တစိုက် ကူညီခဲ့သည့် အဖွဲ့တစ်ခုဖြစ်သည်။

သြဂုတ် ၁၇ ရက်ကလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် နမ့်တွန်းကျေးရွာ အနီးရှိ တိမ်ဖြူစက်သုံးဆီဆိုင်မှာ မီးလောင်ပျက်စီးသွားခဲ့ရာ ယင်းဖြစ်စဉ်တွင် ဒဏ်ရာရ လူနာများကို ကူညီကယ်ဆယ်ရန် သွားရောက်သည့် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းယာဉ် အပစ်ခံရပြီး ကိုယ်တိုင်ယာဉ်မောင်းနှင်ခဲ့သည့် ဥက္ကဋ္ဌ ကိုထွန်းမြင့်မှာ သေဆုံးခဲ့ကာ အခြားလူ နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ယင်းနေ့မှာပင် မေတ္တာရှင် လူမှုကူညီရေးအသင်း (နမ့်ဖတ်ကာ)မှ လူမှုကူညီရေးယာဉ် တစ်စီးမှာလည်း အပစ်ခံခဲ့ရပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့သည်။                  

 


READ NEXT
Cancel OK