Top News

နေပြည်တော်၌ဖွင့်လှစ်ထားသည့် အရေးပေါ် အသက်ကယ်သင်တန်းကျောင်းကဲ့သို့ သင်တန်းကျောင်းတစ်ခု မန္တလေးတိုင်းဒေသကြီးတွင် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေ
24htopnews | October 22, 2024 2:12 PM CST

မြန်မာနိုင်ငံ၏ ပထမဆုံးအရေးပေါ် အသက်ကယ်သင်တန်းဌာနကို ၂၀၁၈ ခုနှစ်တွင် နေပြည်တော်၌ ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင်လည်း အလားတူသင်တန်းကျောင်းတစ်ခု ဖွင့်လှစ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

အထူးကုဆရာဝန်များပါဝင်သည့် အရေးပေါ်ဆေးကုသဌာန  (Emergency Department)  များကို   ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်၊ လှိုင်သာယာ၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးများတွင် ယခုနှစ်အတွင်း တည်ထောင်ထားပြီး ဆက်လက်၍ ပုသိမ်ပြည်သူ့ဆေးရုံကြီး၊ လားရှိုးပြည်သူ့ဆေးရုံ၊ တောင်ကြီးပြည်သူ့ဆေးရုံကြီးနှင့် ပဲခူးပြည်သူ့ဆေးရုံကြီးတို့တွင် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ 

“အရေးပေါ်ဆေးကုသမှုအဖွဲ့တွေကို မြန်မာနိုင်ငံမှာ လက်ခံကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှနိုင်ငံများ အားကစားပြိုင်ပွဲကြီးကာလမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ရန်ကုန်ဆေးရုံကြီး၊ မန္တလေးဆေးရုံကြီးနဲ့ နေပြည်တော်ခုတင် ၁၀၀၀ ဆံ့ ဆေးရုံကြီးတွေမှာ အရေးပေါ်ကုသမှု ဆေးပညာ အထူးကုဆရာဝန်များပါဝင်တဲ့  အရေးပေါ် ဆေးကုသမှုဌာနတွေကို ၂၀၁၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဆက်လက်ပြီး ဝန်ကြီးဌာနအနေနဲ့ အထူးကု ဆရာဝန်တွေပါဝင်တဲ့ အရေးပေါ် ဆေးကုသမှုဌာနတွေကို သန်လျင်နဲ့ လှိုင်သာယာဆေး ရုံတွေမှာ ယခု ၂၀၁၉ ခုနှစ်အတွင်းမှာ ဖွင့်လှစ်ထားတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ်ဆိုရင် သင်္ဃန်းကျွန်း၊ ပုသိမ်၊ လားရှိုး၊ တောင်ကြီး နဲ့ ပဲခူးပြည်သူ့ဆေးရုံကြီးတွေမှာလည်း ဆက်လက်ဖွင့်လှစ်ဖို့ပြင်နေပါတယ်။ ဒါ့အပြင် နေပြည်တော်က အရေးပေါ်အသက်ကယ် သင်တန်းဌာနကဲ့သို့ သင်တန်းကျောင်းမျိုး မန္တလေးမှာလည်း ဖွင့်လှစ်နိုင်ဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆေးပညာဘာသာရပ်အသီးသီးမှ အထူးကုဆရာဝန်များကို ၂၀၁၂ ခုနှစ်တွင်  Australian Collage of Emergency Medicine and Royal Australasian Collage of Surgeosn Faculty နှင့် ပူးပေါင်း၍ အရေးပေါ်ကုသမှု ဆေးပညာလေ့ကျင့်သင်ကြားရာမှ အရေးပေါ်ကုသမှုဆေးပညာရပ်ကို မြန်မာနိုင်ငံတွင် စတင်လေ့ကျင့်သင်ကြားခဲ့ကြောင်း၊ လက်ရှိတွင် ဝန်ထမ်းဆရာဝန်များအား ဘွဲ့လွန်အရေးပေါ် ကုသမှုဆေးပညာ ဒီပလိုမာသင်တန်းနှင့် မဟာဘွဲ့သင်တန်းများကိုလည်းကောင်း၊  ပုဂ္ဂလိကဆရာဝန်များအား ဘွဲ့လွန်အရေးပေါ်ကုသမှုဆေးပညာဒီပလိုမာ သင်တန်းကိုလည်းကောင်း ပြည်တွင်း၌ သင်ကြားပေးလျက်ရှိကြောင်းနှင့် သူနာပြုများအတွက် ဘွဲ့လွန်အရေးပေါ် သူနာပြုစုမှုပညာ ဒီပလိုမာသင်တန်းကိုလည်း ၂၀၁၅ ခုနှစ်မှစ၍  လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိ အရေးပေါ်ကုသမှု ဆေးပညာအထူးကုဆရာဝန်များကို ရန်ကုန်ဆေးရုံကြီး၊ မန္တလေးဆေးရုံကြီး၊ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံကြီးများတွင် တာဝန်ချထားပြီး ယင်းဆေးရုံကြီးများတွင် အရေးပေါ်ကုသမှုဌာနများကိုလည်း တည်ထောင်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ 

အရေးပေါ်လူနာတင်ယာဉ်စနစ်ကို ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲကာလမှစ၍ တည်ထောင်ခဲ့ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်တွင် တာဝန်ချထားကာ Emergency Call Center မှ တစ်ဆင့် ချိတ်ဆက်၍ အရေးပေါ်လူနာသယ်ယူ ပို့ဆောင်လွှဲပြောင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်များတွင်လည်း တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ အကူအညီဖြင့် အရေးပေါ်လူနာတင် ယာဉ်စနစ်များတည်ထောင်ရန် စီစဉ်နေပြီး နိုင်ငံတစ်ခုလုံး၏ အရေးပေါ်လူနာတင်ယာဉ် ကွန်ရက်လွှမ်းခြုံမှုရရှိစေရန် အဆင့်ဆင့်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

         


READ NEXT
Cancel OK