Top News

မကွေးခရိုင်အတွင်း နှမ်းနုတ်လုပ်ငန်းချိန်တွင် လုပ်သားရှားပါးမှုကြောင့် အခြားမြို့နယ်များမှလုပ်သားများ ငှားရမ်းအသုံးပြုနေရပြီး မိုးရွာသွန်းမှု နည်းသောကြောင့် နှမ်းပျက်စီးမှုများရှိဟု သိရ
24htopnews | October 22, 2024 2:12 PM CST

မကွေးခရိုင် မကွေး၊ ရေနံချောင်း၊ နတ် မောက်မြို့နယ်များအတွင်း နှမ်းနုတ်လုပ်ငန်းများ စတင်နေပြီး လုပ်ငန်းချိန်တွင် လုပ်သားရှားပါးမှုကြောင့် မကွေးမြို့နယ်အတွက် အခြားမြို့နယ်များမှ လုပ်သားများငှားရမ်း အသုံးပြုနေရကာ မိုးရွာသွန်းမှု နည်းပါးခဲ့သောကြောင့် နှမ်းပျက်စီးမှုများလည်း ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုနှစ် မိုးဦးရာသီတွင် မိုးရွာသွန်းမှု နည်းပါး၍ ကွက်ကျားမိုးများသာ ရွာသွန်းခဲ့သောကြောင့် မကွေးခရိုင်အတွင်း မြို့နယ်များတွင် နှမ်းပျက်စီးမှုများ၊ နွားစာရှားပါးမှုများ ကြုံတွေ့ခဲ့ရကြောင်း၊ မကွေးမြို့၏ တောင်ဘက်နှင့် မကွေးမြို့နှင့် အနီးဆုံး နေရာများတွင်သာ မိုးဦးနှမ်းစိုက်ခင်းများ အသင့်အတင့် ကောင်းမွန်ခဲ့သော်လည်း မကွေးမြို့နယ် ကန်ပြားကျေးရွာ၏ မြောက်ဘက်မှစ၍ ရေနံချောင်းမြို့အကြား ကျေးရွာများတွင် နှမ်းခင်းများ ပျက်စီးမှုကြောင့် ဖျက်၍ အခြားသီးနှံများ ပြန်လည်စိုက်ပျိုးခဲ့ရကြောင်း၊ ယခုနှမ်းနုတ်ရာသီတွင် လုပ်သားရှားပါးမှုကြောင့် မကွေး မြို့နယ်အတွင်း နှမ်းနုတ်လုပ်ငန်းများအတွက် ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာများကအထိ လုပ်သားများကို ကားဖြင့်နေ့ချင်းပြန် ငှားရမ်းအသုံးပြု နေရကြောင်း သိရသည်။

“နှမ်းခင်းတွေက ပျက်တဲ့လူတွေဆိုရင် နုတ်စရာကို မလိုအောင် အပင်တွေက နိမ့်လွန်းတဲ့အထိ ဖြစ်ခဲ့တာပါ။ ကျွန်တော့်စိုက်ခင်းမှာလည်း ပုံမှန်ဆိုရင် နှမ်း တင်း ၄၀ လောက် ထွက်ပေမယ့် အခုနှစ်မှာ ဘာမှမှန်းဆလို့ မရသေးပါဘူး။ နှမ်းနုတ်ခတွေကလည်း အပုံပြတ်နဲ့ စျေးကြီးပေးရပေမယ့် နှမ်းတွေ မကောင်းတော့ သတ်မှတ်တဲ့ အပုံပမာဏလည်း မရကြပါဘူး။ အဲဒီတော့ လုပ်အားခတွေကုန်ပြီး နှမ်းကမရတဲ့ အခြေအနေ ဖြစ်နေတာပါ” ဟု မကွေးမြို့နယ် ကန်သာလေးကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

မကွေးမြို့နယ်အတွင်း နှမ်းပေါင်းနုတ်သည့် ရာသီချိန်ကလည်း လုပ်သားရှားပါးမှု ကြောင့် အခြားမြို့နယ်များမှ လုပ်သားများကို ကားခပါပေး၍ ခေါ်ယူအသုံးပြုခဲ့ရကြောင်း၊ မိုးဦးနှမ်းစိုက်ပျိုးစဉ်က နှမ်းနက်မျိုးစေ့ တစ်တင်းလျှင် ကျပ်တစ်သိန်းကျော်၊ နှမ်းဖြူမျိုးစေ့ တစ်တင်းလျှင် ကျပ် ၇၀၀၀၀ ကျော် ပေးဝယ်ခဲ့ရပြီး လုပ်သားခ၊ နွားရှဉ်းခ၊ မြေသြဇာဖိုးများပါ တွက်ပါက နှမ်းထွက်နှုန်း လျော့ကျလေ အရှုံးကြီးလေ အခြေအနေ ဖြစ်ပေါ်နေကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

 


READ NEXT
Cancel OK