Top News

လက်ရှိဘဏ္ဍာနှစ် ၁၀ လကျော်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၃၅၆ သန်းကျော်ရရှိခဲ့သော်လည်း ယခင်နှစ်ကာလတူထက် တင်ပို့မှုတန်ချိန် ၁၄၀၀ ကျော်နှင့် တန်ဖိုး ဒေါ်လာသန်း ၄၆၀ ကျော် လျော့ကျ
24htopnews | October 22, 2024 2:12 PM CST

လက်ရှိဘဏ္ဍာနှစ် ၁၀ လကျော်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၃၅၆ သန်းကျော်ရရှိခဲ့သော်လည်း ယခင်နှစ်ကာလတူထက် တင်ပို့မှုတန်ချိန် ၁၄၀၀ ကျော်လျော့ကျခဲ့ပြီး ဒေါ်လာသန်း ၄၆၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၂ ရက်အထိ ၁၀ လကျော်တွင် ပြည်ပသို့ ကျောက်စိမ်းတန်ချိန် ၁၅၄၈ ဒသမ  ၄၅၂ တန်တင်ပို့ထားပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၃၅၆ ဒသမ ၈၇၆ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်နှစ်ကာလတူတွင် ကျောက်စိမ်းတန်ချိန် ၃၀၂၂ဒသမ ၃၄၄ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၂၃ ဒသမ ၅၉၆ သန်းအထိ ရရှိထားသည်။ လက်ရှိဘဏ္ဍာနှစ် ၁၀ လ ကျော်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှု တန်ချိန် ၁၄၇၃ ဒသမ ၈၉၂ တန်လျော့ကျခဲ့ ပြီး ဝင်ငွေအမေရိကန် ဒေါ်လာ ၄၆၆ ဒသမ ၇၂ သန်းလျော့ကျခဲ့ခြင်း ဖြစ်သည်။

သစ်တောထွက်ပစ္စည်းနှင့် သတ္တုတွင်း ထွက်ပစ္စည်းများသည့် နိုင်ငံသယံဇာတထွက် ကုန်များဖြစ်သည့်အတွက် ပြည်ပတင်ပို့မှုကို ကန့်ထားသည်။ ထို့ကြောင့် အဆိုပါကဏ္ဍများမှ တင်ပို့မှုသည် ယခင်နှစ်များထက် လျော့နေခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်စိမ်းကို ပြပွဲများပြုလုပ်ပြီး ရောင်းချခြင်းဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းတင်ပို့မှု လျော့ကျခြင်းမှာလည်း ကျောက်စိမ်းပြပွဲများ ပြုလုပ်ခြင်းနှင့်လည်း သက်ဆိုင်ကြောင်း သိရသည်။

“အဓိကကျောက်စိမ်းကတော့ ပြပွဲတွေနဲ့ ဆိုင်တာပေါ့။ ပြပွဲလုပ်ပြီးရောင်းတာဆိုတော့ ပြပွဲများများလုပ်လေ တင်ပို့မှုပိုလာတာ ပြပွဲလုပ်တာနည်းရင်လျော့တာပေါ့” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်လွင်က ပြောကြားထားသည်။

မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပွဲ တတိယနေ့ကို ပြီးခဲ့သည့် ဇွန် ၁၀ ရက်က နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းခဲ့သည်။

အဆိုပါပြပွဲအခမ်းအနားတွင် ကျောက်စိမ်းအတွဲအမှတ်(၁)မှ အတွဲအမှတ် (၁၀၅၀) အထိကို ဇွန် ၁၁ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ် (၁၀၅၁)မှ အတွဲ အမှတ် (၂၁၀၀)အထိကို ဇွန် ၁၂ ရက်တွင် လည်းကောင်း၊ ကျောက်စိမ်းအတွဲ အမှတ် (၂၁၀၁)မှ အတွဲအမှတ် (၃၁၀၈)အထိကို ဇွန် ၁၃ ရက်တွင်လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ပြပွဲတွင် ရောင်းရငွေတန်ဖိုးအပေါ် သတ်မှတ်ကောက်ခံမည့် အခွန်နှုန်းထားများမှာ အထူးကုန်စည်ခွန်အနေဖြင့် ကျောက်စိမ်းအရိုင်းများအတွက် ၁၅ ရာခိုင်နှုန်း၊ ကျောက်မျက်အရိုင်းများအတွက် ၁၀ ရာခိုင်နှုန်း ကျောက်မျက် လက်ဝတ်ရတနာအချော ထည်များအတွက် သုံးရာခိုင်နှုန်းနှင့် အချောထည်များအတွက် တစ်ရာခိုင်နှုန်းကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။                     

                                                   


READ NEXT
Cancel OK