Top News

ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ ရဲပြားကုန်းတောင် (ဒေသအခေါ် မငယ်တောင်) ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၌ မြေကျွံမှု ဖြစ်ပေါ်နေသည့်အတွက် တောင်ပြိုမှုဖြစ်ပွားမည်ကို စိုးရိမ်နေ
24htopnews | October 22, 2024 2:12 PM CST

မွန်ပြည်နယ် ပေါင်မြို ့နယ် သဲဖြူကုန်း ကျေးရွာအုပ်စု ရဲပြားကုန်းကျေးရွာ ရန်ကုန် - မော်လမြိုင် အဝေးပြေး လမ်းမဘေးတွင် တည်ရှိသော ရဲပြားကုန်းတောင် (ဒေသအခေါ် မငယ်တောင်) ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၌ မြေကျွံမှု ဖြစ်ပေါ်နေသည့်အတွက် တောင်ပြိုမှု ဖြစ်ပွားမည်ကို စိုးရိမ်ပူပန်မှုများရှိသဖြင့် တောင်ခြေရှိ ရဲပြားကုန်း မူလတန်းကျောင်းသို့ ကျောင်းသား၊ ကျောင်းသူများ စေလွှတ်ခြင်း မရှိဟု ကျောင်းသားမိဘများ၏ ပြောကြားချက်များအရ သိရသည်။

၎င်းရဲပြားကုန်းတောင်ပေါ် ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းရှိ အောင်စင်္ကြာစေတီတော်၏ အရန်စေတီ လေးဆူမှာ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြေကျွံတိမ်းစောင်းမှု ဖြစ်ပေါ်နေကြောင်း၊ ထို့ကြောင့် တောင်မြေပြိုကျမှု အန္တရာယ်ရှိနေသည့်အတွက် ရဲပြားကုန်းတောင်ခြေရှိ ရဲပြားကုန်း မူလတန်းကျောင်းသို့ ကျောင်းသား၊ ကျောင်းသူများအား စေလွှတ်ခြင်း မပြုကြကြောင်း ကျောင်းသား မိဘနှင့် အုပ်ထိန်းသူများ၏ ပြောကြားချက်များအရ သိရသည်။

“ရဲပြားကုန်း မူလတန်းကျောင်းမှာ မြေးကလေးနှစ်ဦး ကျောင်းတက်နေတယ်။ သြဂုတ် ၉ ရက်က ဖြစ်ပွားခဲ့တဲ့ မလတ်တောင်ပြိုကျမှုမှာ အဲဒီမြေးကလေးတွေရဲ့ သူငယ်ချင်းတွေ ပါသွားတယ်။ သေဆုံးသွားတယ်ပေါ့လေ။ အခုလည်း ရဲပြားကုန်းတောင်ပေါ်မှာ မြေကျွံမှုတွေ ဖြစ်နေတယ်ဆိုတော့ တောင်ခြေမှာရှိတဲ့ ရဲပြားကုန်း မူလတန်းကျောင်းမှာ တက်နေတဲ့ ကလေးတွေအတွက် စိုးရိမ်ပြီးတော့ ကျောင်းကို မလွှတ်တော့တာပါ” ဟု ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စု ရဲပြားကုန်းကျေးရွာ မရမ်းစမ်းအပိုင်းနေ ဒေါ်အန်းကူက ပြောကြားသည်။

 ရဲပြားကုန်းကျေးရွာနေ ဒေါ်အေးအေးမော်ကလည်း “ရဲပြားကုန်းမူလတန်းကျောင်း မှာ မြေးနှစ်ယောက် ကျောင်းတက်နေတယ်။ အဲဒီရဲပြားကုန်း တောင်ကလည်း မနှစ်ကလည်း ပြိုဖူးတယ်။ အခုလည်း ကလေးတွေ အတွက် စိုးရိမ်ပူပန်ပြီးတော့ မလတ်တောင်ပြိုပြီးတဲ့ အချိန်ကစလို ့ ကျောင်းကိုပေးမသွားတော့ဘူး” ဟု ပြောကြားသည်။

“မလတ်တောင် မြေပြိုတုန်းက တောင်က နေ ပေ  ၅၀၀ လောက်ကွာတဲ့ အိမ်တွေတောင် မြေကြီးထဲ ပါသွားတယ်။ အခု ရဲပြားကုန်းတောင်နဲ့ မူလတန်းကျောင်းက ပေ ၃၀ လောက်ပဲကွာတယ်။ တောင်ပေါ်မှာလည်း မြေကျွံနေတယ်ဆိုတော့ အရမ်းကို အန္တရာယ်ရှိနေတယ်” ဟု မလတ်တောင်ပြိုကျမှု ဖြစ်စဉ်နှင့် သားဖြစ်သူတစ်ဦး ဆုံးရှုံးခဲ့သူ ဦးစိုးဝင်းက ပြောကြားသည်။

ယမန်နှစ်က ရဲပြားကုန်းတောင်ပြိုမှုဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးကြောင်း၊ လက်ရှိအခြေအနေအရ ရဲပြားကုန်းတောင်မှာ ပြိုကျမယ့် အန္တရာယ်ရှိနေသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာမများအတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ရဲပြားကုန်း မူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးနွယ်က ပြောကြားသည်။

“မလတ်တောင်ပြိုကျမှု ဖြစ်စဉ်မှာ ကျောင်းက ကျောင်းသား၊ ကျောင်းသူ ၁၂ ဦး အသက်ဆုံးရှုံးသွားတယ်။ အခုလည်း ကျောင်းအနောက်က ရဲပြားကုန်းတောင် ပြိုကျမယ့် အန္တရာယ်ရှိနေတဲ့အတွက် အန္တရာယ် ကင်းကင်းနဲ့ စာသင်ကြားနိုင်မယ့် ယာယီနေရာလေး လိုအပ်နေပါတယ်” ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးနွယ်က ပြောကြားသည်။

အဆိုပါ ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာအုပ်စု ရဲပြားကုန်းကျေးရွာရှိ ရဲပြားကုန်း မူလတန်းကျောင်း၌ ဆရာ၊ ဆရာမ ခြောက်ဦးရှိပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄၄ ဦးရှိကြောင်း၊ သြဂုတ် ၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် မလတ်တောင်ပြိုကျမှုဖြစ်စဉ်၌ ရဲပြားကုန်း မူလတန်းကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ မလတ်တောင်နှင့် ရဲပြားကုန်းတောင် (ဒေသအခေါ်မငယ် တောင်) မှာ တစ်မိုင်ခန် ့ကွာဝေးကြောင်း သိရသည်။

ထို့အပြင် ရဲပြားကုန်းတောင်ပေါ်ရှိ အောင်စင်္ကြာစေတီတော်၏ အရံစေတီများ မြေကျွံတိမ်းစောင်းခြင်းများ ဖြစ်ပေါ်ပြီးနောက် တောင်ပေါ်ရှိ ဘုန်းတော်ကြီးမှာ ကျောင်းထိုင်ဆရာတော်နှင့် တောင်ပတ်ဝန်းကျင်ရှိ ဒေသခံများ တောင်ပြိုကျမည်ကို စိုးရိမ်သောကြောင့် သြဂုတ် ၁၉ ရက် ညပိုင်းက ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 


READ NEXT
Cancel OK