Top News

၂၀၁၈ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်းများကြောင့် ထိခိုက်နစ်နာသူ ၂၇၀ ကျော်ရှိခဲ့ပြီး ယခင်နှစ်ထက် လူ ၁၀၀ ခန့် ပိုများ
24htopnews | October 22, 2024 2:12 PM CST

၂၀၁၈ ခုနှစ်အတွင်း မြေမြှုပ်မိုင်းများ၊ စစ်လက်ကျန်ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် အခြားလက်လုပ် ဖောက်ခွဲရေး ကိရိယာများကြောင့် ထိခိုက်နစ်နာခဲ့သူ ၂၇၀ ကျော်အထိရှိခဲ့ပြီး ယခင် ၂၀၁၇ ခုနှစ်ကထက် လူဦးရေ ၁၀၀ ခန့်ပိုများခဲ့ကြောင်း ယူနီဆက်ဖ်မှ ရရှိသည့် အချက်အလက်အရ သိရသည်။

“ကလေးတွေဟာ ဘယ်တော့မှ အကြမ်းဖက်မှုရဲ့ ပစ်မှတ်မဖြစ်သင့်ပါဘူး။ ကလေးတိုင်း အသိုင်းအဝိုင်းတိုင်းကို မြေမြှုပ်မိုင်းတွေ တခြားပေါက်ကွဲစေတတ်တဲ့ အရာတွေကနေ ကာကွယ်ပေးနိုင်ဖို့ အတူတူ ပူးပေါင်းပြီး ဆက်လက်လုပ်ပေးကြဖို့ လိုပါတယ်” ဟု ယူနီဆက်ဖ်၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် Ms. June Kunugi က ပြောကြားသည်။ 

မြေမြှုပ်မိုင်းများနှင့် အခြားပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူပေါင်း မှာ ၂၀၁၇ ခုနှစ်တွင် ၁၇၆ ဦးရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ကလေးငယ် ၅၆ ဦးအပါအဝင် လူဦးရေ ၂၇၆ ဦး ရှိခဲ့ကြောင်းနှင့် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး ပြည်နယ်များအနက် ဒေသကိုးခုမှာ မြေမြှုပ်မိုင်းများ၊ စစ်လက်ကျန် ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် အခြားလက်လုပ်ဖောက်ခွဲရေး ကိရိယာ အန္တရာယ်များ ကြုံတွေ့နေရပြီး ဒေသများအနက် ကချင်နှင့် ရှမ်းပြည်နယ်တို့သည် ၂၀၁၅ နှင့်၂၀၁၈ ခုနှစ်တို့တွင် အများဆုံး ထိခိုက်ခဲ့သည့် ပြည်နယ်များ ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် မြေမြှုပ်မိုင်းများနှင့် အခြားပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်းများကြောင့် ထိခိုက်နစ်နာခဲ့ရသည့် လူဦးရေ  ၅၉ ဦး (ကလေးသူငယ် ၃၄ ဦးအပါအဝင်) ရှိခဲ့ကြောင်းနှင့် ယင်းလူဦးရေအနက် သေဆုံးသူ ၁၇ ဦး၊ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သူ ၄၂ ဦးရှိခဲ့ကြောင်း ယူနီဆက်ဖ်မှ သိရသည်။

ယခုနှစ်သည် မြေမြှုပ်မိုင်း တားဆီးရေး သဘောတူစာချုပ်နှစ် ၂၀ ပြည့်မြောက်သည့်နေ့ဖြစ်ပြီး မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်း တားဆီးရေး ညီလာခံတွင် ပါဝင်လက်မှတ် ရေးထိုးထားသည့် နိုင်ငံတစ်ခု မဟုတ်သော်လည်း ယင်းသဘောတူ စာချုပ်သည်  အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၄ နိုင်ငံ (ရာခိုင်နှုန်း ၈၀)ကျော်မှ မြေမြှုပ်မိုင်း အသုံးပြုမှု လုံးဝပိတ်ပင်ထားကာ အများဆုံး အတည်ပြုလက်မှတ် ရေးထိုးထားသည့် လက်နက်ဖျက်သိမ်းရေး သဘောတူ စာချုပ်များအနက် တစ်ခုအပါအဝင် ဖြစ်ကြောင်းနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြေမြှုပ်မိုင်း သဘောတူစာချုပ်တွင် အတည်ပြု လက်မှတ်ရေးထိုးရေးနှင့် ပြင်ဆင်ရေးတို့အတွက် ကြိုးပမ်အားထုတ်မှုကို အရှိန်တိုးမြှင့်နိုင်ရန် အစိုးရအား ပံ့ပိုးကူညီပေးရန် အသင့်ရှိကြောင်း ယူနီဆက်ဖ်မှ သိရသည်။

၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းဗုံးများကြောင့် လူဦးရေ ၂၇၄ ဦးခန့် သေဆုံးခဲ့ရပြီး မြေမြှုပ်မိုင်းဗုံးကြောင့် လူဦးရေ ၁၀၀ နှင့် အထက် သေကြေပျက်စီးသည့် နိုင်ငံများအနက် ပဥ္စမနိုင်ငံအဖြစ် ရပ်တည်နေကြောင်း၊ ထိုအချိန်က မြေမြှုပ်မိုင်းကြောင့်လူဦးရေ ၁၀၀ နှင့်အထက် သေကြေပျက်စီးသည့် နိုင်ငံရှစ်နိုင်ငံအနက် အာဖဂန်နစ္စတန် နိုင်ငံသည်လ ူဦးရေ ၁၂၁၁ ဦးဖြင့် ပထမနေရာတွင် ရပ်တည်နေပြီး ကိုလံဘီယာနိုင်ငံသည် လူဦးရေ ၅၁၂ ဦး ဖြင့် ဒုတိယနေရာ၌လည်းကောင်း၊ ပါကစ္စတန်နိုင်ငံသည် လူဦးရေ ၃၉၄ ဦးဖြင့် တတိယနေရာ၌ လည်းကောင်း၊ ကိုလံဘီယာနိုင်ငံသည် လူဦးရေ ၂၈၆ ဦးဖြင့် စတုတ္ထနေရာ၌ လည်းကောင်း၊ အီရန်နိုင်ငံသည် လူဦးရေ ၁၅၈ ဦးဖြင့် ဆဋ္ဌမနေရာ၌ လည်းကောင်း၊ ဆိုမာလီယာနိုင်ငံသည် လူဦးရေ ၁၅၄ ဦးဖြင့် သတ္တမနေရာ၌ ရှိကြောင်းနှင့် လာအိုနိုင်ငံသည် လူဦးရေ ၁၁၇ ဦးဖြင့် အဋ္ဌမနေရာတွင် ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းအသိမြှင့်တင်ရေးနေ့ အခမ်းအနားမှ ရရှိသည့် အချက်အလက်အရ သိရသည်။

ထို့ပြင် နိုင်ငံပေါင်း ၁၁၆ နိုင်ငံ က ၁၉၉၇ ခုနှစ်၊ မြေမြှုပ်မိုင်း တားဆီးရေးစာချုပ်ကို လက်မှတ်ရေးထိုးထားကြောင်း၊ နိုင်ငံပေါင်း ၁၁၁ နိုင်ငံက ၁၉၉၇ ခုနှစ်၊ လွှင့်စင်ပေါက်ကွဲ လက်နက်များဆိုင်ရာ စာချုပ်ကို လက်မှတ်ရေးထိုးထားကြောင်း၊ နိုင်ငံပေါင်း ၈၁ နိုင်ငံက သမားရိုးကျ လက်နက်များဆိုင်ရာ စာချုပ်စစ်ကျန် လက်နက်ပစ္စည်းဆိုင်ရာ နောက်ဆက်တွဲ စာချုပ်အမှတ်(၅)ကို လက်မှတ်ရေးထိုး ထားကြောင်းနှင့် နိုင်ငံပေါင်း ၁၅၇ နိုင်ငံက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးထားပြီး ကြောင်းလည်း သိရသည်။    

 


READ NEXT
Cancel OK