Top News

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံး ကောင်းမွန်စေရေး၊ ကုန်စျေးနှုန်း မြင့်တက်ခြင်းများ မရှိစေရန် အစိုးရအဖွဲ့ ဆောင်ရွက်နေကြောင်း ထုတ်ပြန်
24htopnews | October 22, 2024 2:12 PM CST

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ခိုလှုံနေသော စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံး ကောင်းမွန်စေရေး၊ ကုန်စျေးနှုန်းမြင့်တက်ခြင်း မရှိစေရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံဆောင်ရွက်ထားကြောင်း သြဂုတ် ၁၉ ရက်တွင် သတင်းထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။

ရှမ်း/မြောက်တွင် သြဂုတ် ၁၅ ရက်မှ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဂုတ်တွင်းတံတား အပါအဝင်၊ မြောက်ပိုင်းသွားသော တံတားလေးစင်း ဖျက်ဆီးခံခဲ့ရသဖြင့် လားရှိုးမြို့၊ မန်ဆူဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ပေါင်း ၁၂၀၀ နီးပါး ပိတ်မိနေကာ၊ သိန္နီနှင့်ကွမ်းလုံကြားတွင်ရှိသော နမ့်စလတ် စုစည်းရွာတွင် စစ်ဘေးရှောင်ပေါင်း ၃၀၀ ကျော်ရောက်ရှိနေကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်ထောင်စု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ သဘာဝဘေး စီမံခန့်ခွဲမှု၊ ခရိုင်/မြို့နယ် အဖွဲ့အစည်းများမှ ယနေ့အချိန်ထိ ဆန်အိတ်ပေါင်း ၂၀၀ ကျော်နှင့် စားသောက်စရာ သိန်း(၆၀) ဖိုးခန့် လှူဒါန်းခဲ့ကာ၊ ဆေးဝါးကုသရေးအတွက် ဆေးကုသအဖွဲ့ကို ပရဟိတအဖွဲ့များဖြင့် ပေါင်းစပ်ဆောင်ရွက်ထားကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောကြားသည်။

သြဂုတ် ၁၅ ရက်မှ စတင်ကာ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူလူထုများ သေဆုံးသူ ၁၄ ဦးနှင့် အရပ်သား ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ပြည်နယ်အစိုးရမှ သေဆုံးသူတစ်ဦးလျှင် ငွေကျပ်ငါးသိန်းနှုန်း၊ ဒဏ်ရာရရှိသူ တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှင့် ပစ္စည်းများ ထောက်ပံ့ခဲ့ပြီး၊ ဘေးစီမံဌာနကလည်း သေဆုံးသူတစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်း၊ ဒဏ်ရာရရှိသူ တစ်ဦးလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ထောက်ပံ့ခဲ့ပြီး၊ ပြည်ထောင်စု လူကယ်ပြန် ဝန်ကြီးက လားရှိုးသို့ သြဂုတ် ၁၉ ရက်တွင် ရောက်ရှိပြီး၊ စစ်ဘေးရှောင်စခန်းတွင် ဒဏ်ရာရရှိသူများကို လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း ဦးစိုးစိုးဇော်က ပြောကြားသည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အများပြည်သူများ သွားရေးလာရေး အဆင်ပြေ ချောမွေ့စေရေးနှင့် ကုန်စည်စီးဆင်းမှုများ မြန်ဆန်စေရေးအတွက် ပြည်နယ်အစိုးရဝန်ကြီးချုပ် သွားရောက်ကြည့်ရှု မှာကြားခဲ့ပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးကိုယ်တိုင် ဦးစီးဆောင်ရွက်နေပြီး၊ ဂုတ်တွင်းတံတားကိုလည်း နောက်တစ်နေ့တွင် စမ်းသပ်မောင်းနှင်ပြီးချိန် လမ်းပြန်ဖွင့်ပေးမည် ဖြစ်သဖြင့် ထိုသို့ လမ်းပြန်လည် ဖွင့်ပေးရာတွင်လည်း နောင်ပိန်အထိ ရပ်ဆိုင်းထားသော ကုန်တင်မော်တော်ယာဉ်များ အနေဖြင့် တစ်စီးနှင့်တစ်စီး စောင့်ဆိုင်းပြီး၊ စည်းကမ်းရှိစွာ သွားလာခြင်းဖြင့် ကူညီဆောင်ရွက်ပေးကြရန်၊ တစ်စီးပိတ်မိလျှင် သွားလာသူများ ခက်ခဲမှုဖြစ်စေနိုင်သဖြင့် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြရန်လည်း မေတ္တာရပ်ခံခဲ့သည်။ ရှမ်းမြောက်တွင် တံတားလေးစင်း ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး၊ အမြန်ဆုံး ပြန်လည် တည်ဆောက် သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရက ပြောကြားသည်။

“လက်ရှိမှာ အတက်ရော အဆင်းရော တန်းစီးနေတော့ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားအောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့တို့ အလှည့်ကျပေါင်းပြီးတော့ အတက်အဆင်းကားတွေကို အလှည့်ကျ နှစ်နာရီစီ လွှတ်လိုက်မယ်ဆိုရင် ပိတ်ဆို့မှုမရှိဘဲ သွားနိုင်မယ်။ အခုဆိုရင် လမ်းပန်းဝန်ကြီးက အဲဒီမှာ ရှိပါတယ်။ ကျောက်မဲခရိုင်က ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးပြီးတော့ စနစ်တကျ ဆောင်ရွက် ပေးသွားပါမယ်လို့ ပြောကြားလိုပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောကြားသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင် စသောမြို့များရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံခဲ့ ပြီး၊ လတ်တလောတွင် ကုန်စျေးနှုန်း မြင့်တက်ခြင်း မဖြစ်ပွားစေရန် မေတ္တာရပ်ခံခဲ့ပြီး၊ မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်းနှင့် ချိတ်ဆက်ထားပြီး၊ မူဆယ်နှင့် ကွမ်းလုံတို့တွင်ရှိသော တရုတ်ပြည်တင်ပို့မည့် ဆန်အိတ်များကို လိုအပ်ပါက ထုတ်ရောင်းပေးသွားရန် အဆင်သင့်ရှိသဖြင့် ကုန်စျေးနှုန်း မြင့်တက်ခြင်းမှာ မရှိသေးပါကြောင်း၊ စားသောက်ကုန်များ အမှန်တကယ် လိုအပ်ချက်ရှိလာပါက တရုတ်ပြည်မှ တင်သွင်းနိုင်ရန် အတွက် တစ်ဖက်နိုင်ငံနှင့် ချိတ်ဆက်ဆောင်ရွက်ထားခြင်း ရှိပါကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောကြားသည်။

ရှမ်းမြောက်တွင် ကုန်စျေးနှုန်းများ မြင့်တက်နေခြင်းသည် မဟုတ်ကြောင်း၊ ပြည်နယ်အစိုးရမှ စျေးနှုန်းမြင့်တက်ခြင်း မရှိစေရန် ဆောင်ရွက်နေကြောင်း၊ လောက်ကိုင်တွင် ပေါ်ဆန်းမွှေး ဆန်တစ်ပြည်လျှင် ကျပ် ၃၄၀၀ မှ ကျပ် ၃၅၀၀၊ တရုတ်ဆန် ကျပ်၂၅၀၀ ၊ မူဆယ်တွင် ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ပဲဆီတစ်ပိဿာ ကျပ် ၈၀၀၀၊ ကွမ်းလုံတွင် ပေါ်ဆန်းမွှေး တစ်ပြည်လျှင် ကျပ် ၃၈ဝဝမှ ၄၀၀၀ ဖြစ်လာပြီး၊ ကြက်ဥတစ်လုံး ကျပ် ၁၅၀ မှ ၂၀၀ အထိဖြစ်လာကြောင်း သိရသည်။

 


READ NEXT
Cancel OK