Top News

ခွင့်ပြုမိန့်မရှိဘဲ ရေနံစူးစမ်းရှာဖွေခြင်းနှင့် တူးဖော်စမ်းသပ်ခြင်းလုပ်ငန်း သို့မဟုတ် ရေနံထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ပါက အမြင့်ဆုံးဒဏ်ငွေ ကျပ်သိန်း ၁၀၀၀၀ အပြင် ထောင်ဒဏ်တစ်နှစ်ပါ ချမှတ်နိုင်မည့် ရေနံဥပဒေကြမ်း ထုတ်ပြန်
24htopnews | October 22, 2024 3:12 PM CST

ခွင့်ပြုမိန့်မရှိဘဲ ရေနံစူးစမ်းရှာဖွေခြင်း နှင့် တူးဖော်စမ်းသပ်ခြင်းလုပ်ငန်း သို့မဟုတ် ရေနံထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ခြင်းများကို အမြင့်ဆုံးဒဏ်ငွေ ကျပ်သိန်း ၁၀၀၀၀ အပြင် ထောင်ဒဏ်တစ်နှစ်ပါ ချမှတ်နိုင်မည်ဖြစ်ကြောင်း ရေနံစူးစမ်းရှာဖွေခြင်း၊ တူးဖော်စမ်းသပ်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ဖော်ပြထားမှုအရ သိရသည်။

ပြည်သူများ လေ့လာသိရှိအကြံပြုနိုင်ရန် ထုတ်ပြန်ထားသည့် အဆိုပါ ဥပဒေကြမ်းတွင် အခန်းပေါင်း ၁၉ နှင့် ပုဒ်မ ၅၅ ခုပါဝင်ကာ ထမ်းဆောင်ရမည့်အခွန်အခများနှင့် နိုင်ငံတော်က ရရှိမည့် ဘဏ္ဍာများအဖြစ် ပုဒ်မ (၄၂)တွင် “ခွင့်ပြုမိန့်ရရှိသူသည် ထုတ်လုပ်ရရှိသည့် ရေနံစိမ်း သို့မဟုတ် သဘာဝဓာတ် ငွေ့တွင်းထိပ် စုစုပေါင်းတန်ဖိုး  သို့မဟုတ် ပမာဏ (Gross Value or Volume) ၏ ၁၂ ဒသမ ၅ ရာခိုင်နှုန်းကို ဝန်ကြီးဌာနက သတ်မှတ်သည့်အတိုင်း ငွေသားဖြင့် ဖြစ်စေ၊ ရေနံဖြင့်ဖြစ်စေ (In Cash or In Kind) ဘဏ္ဍာတော်ကြေး (Royalty) အဖြစ် နိုင်ငံတော်ဘဏ္ဍာငွေသို့ ပေးဆောင်ရမည်” ဟု ရေးဆွဲထားကြောင်း သိရသည်။

ထို့အတူ ပုဒ်မ (၃၄) တွင် မည်သူမျှ ခွင့်ပြုမိန့်မရှိဘဲ ရေနံစူးစမ်းရှာဖွေခြင်းနှင့် တူးဖော်စမ်းသပ်ခြင်းလုပ်ငန်း သို့မဟုတ် ရေနံထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ထားပြီး အဆိုပါ တားမြစ်ချက်ကို ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ပုဒ်မ (၃၈) အရ ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊  အနည်းဆုံး ကျပ်သိန်း ၅၀၀၀ မှ အများဆုံး ကျပ်သိန်း ၁၀၀၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်ကြောင်း ရေနံစူးစမ်းရှာဖွေခြင်း၊ တူးဖော်စမ်းသပ်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ဖော်ပြထားမှုအရ သိရသည်။

ထို့အတူ ရေနံလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူများအနေဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် သဘာဝပတ်ဝန်းကျင်ကို သတ်မှတ်ချက်များ နှင့် မညီဘဲထိခိုက်ပျက်စီးစေခြင်း မရှိစေရန်၊  ကျန်းမာရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် သတ်မှတ်ချက်များနှင့်အညီ စီမံဆောင်ရွက်ရန် ပျက်ကွက်ခြင်းမရှိစေရန်နှင့် ပုဒ်မ ၂၉ ပုဒ်မခွဲ (ခ)၊ (ဇ)၊ (ဌ)၊ (ဎ) နှင့် (ပ)တို့ပါ တာဝန်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်မှု ပျက်ကွက်ခြင်းမရှိစေရန် ပုဒ်မ (၃၅) ဖြင့် သတိပေးထားပြီး အဆိုပါအချက်များကို လိုက်နာရန် ပျက်ကွက်ပါက ပုဒ်မ  ၃၉ အရ အနည်းဆုံး ကျပ်သိန်း ၅၀၀၀ မှ အများဆုံး ကျပ်သိန်း ၁၀၀၀၀ အထိ ငွေဒဏ်ချမှတ်ရမည်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ထို့အတူ ဥပဒေအရ ထုတ်ပေးထားသည့် ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်သည့် ရေနံလုပ်ငန်းကို နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်းမပြုရန် ပုဒ်မ (၃၇) ဖြင့် အကာအကွယ်ပေးထားပြီး အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ပါက ပုဒ်မ ၄၁ အရ ပြစ်မှုထင်ရှားစီရင်ခံရသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၅၀၀ မှ အများဆုံး ကျပ်သိန်း ၁၀၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ရေနံစူးစမ်း ရှာဖွေခြင်း၊ တူးဖော်စမ်းသပ်ခြင်း နှင့် ထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ဖော်ပြထားပြီး ယင်းဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် တရားစွဲဆိုရန်ကိုမူ ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုမိန့်ရယူရမည်ဖြစ်ကြောင်း ပုဒ်မ ၄၆ တွင် ဖော်ပြထားမှုအရ သိရသည်။

 


READ NEXT
Cancel OK