Top News

ကွတ်ခိုင်နှင့် မူဆယ်ကြားတွင် ပစ်ခတ်မှုဖြစ်စဉ်များ ဖြစ်ပွားနေသဖြင့် မူဆယ်သို့ သွားရောက်မည့်ယာဉ်များ ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာတို့တွင် စောင့်ဆိုင်းနေရ
24htopnews | October 22, 2024 3:13 PM CST

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ် ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့ကြားတွင် သြဂုတ် ၁၈ ရက်က ပစ်ခတ်မှုများ ဖြစ်ပွားနေသဖြင့် မူဆယ်သို့သွားရောက်ကြမည့် ခရီးသည်တင်ယာဉ် နှင့် ကုန်တင်ယာဉ်များ ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာတို့တွင် စောင့်ဆိုင်းနေကြရကြောင်း သိရသည်။

“နမ့်ဖတ်ကာမှာတော့ မူဆယ်တက်မယ့်ကားတွေ မထွက်ဘဲစောင့်နေကြရတယ်။ နမ့်ဖတ်ကာနဲ့ မူဆယ်ကြားမှာလည်း ပစ်တာခတ်တာတွေ ရှိနေသေးတော့ မတက်ရဲကြသေးဘူး။ ကွတ်ခိုင်ကို တက်မယ့်ကားတွေလည်း မသွားနိုင်သေးဘူး။ မူဆယ်တက်ပြီး သွားရောင်းမယ့် နှာနတ်သီးတွေလည်း နမ့်ဖတ်ကာမှာပဲ စျေးလျှော့ပြီး ရောင်းနေတာတွေ့တယ်” ဟု နမ့်ဖတ်ကာကျေးရွာနေ ကိုဖြိုးက ပြောကြားသည်။

အလားတူ နမ့်ဖတ်ကာနှင့် ကွတ်ခိုင်ကြားတွင်လည်း ပစ်ခတ်မှုများဖြစ်ပွားနေသဖြင့် ကွတ်ခိုင်မြို့မှ မူဆယ်ဘက်သို့ သွားရောက်မည့် ကုန်တင်ယာဉ်အချို့နှင့် ခရီးသည်တင်ယာဉ်များလည်း ကွတ်ခိုင်မြို့တွင် စောင့်ဆိုင်းနေကြရကြောင်း သိရသည်။

“ကွတ်ခိုင်မှာတော့ မူဆယ်ကိုတက်မယ့် ကုန်တင်ယာဉ်တွေတော်တော်များများ စောင့် ဆိုင်းနေတာတွေ့ရတယ်။ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားမှာတော့ ပစ်ခတ်မှုတွေဖြစ်နေတယ်။ ကွတ်ခိုင်မှာရောက်နေတဲ့ ငါးရှဉ့်ကားတစ်စီးလည်း ငါးရှဉ့်တွေ အလကားဝေနေတာ တွေ့ရတယ်” ဟု ကွတ်ခိုင်မြို့နေ ဒေသခံတစ်ဦးက ပြောကြားသည်။

သြဂုတ် ၁၇ ရက်တွင် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းပေါ်ရှိ နမ့်ဖတ်ကာ ကျေးရွာတွင်လည်း လူနာသယ်ဆောင်ရန် သွားရောက်သည့် လူမှုကူညီရေး အသင်းယာဉ် ပစ်ခတ်ခံခဲ့ရပြီး နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“နမ့်ဖတ်ကာမှာတော့ သြဂုတ် ၁၇ ရက် က မနက် ၅ နာရီလောက်ကတည်းက ပစ်ခတ်မှုဖြစ်ပွားနေတာတွေ ကြားနေရတာပေါ့။နမ့်ဖတ်ကာမှာရှိတဲ့ တပ်နဲ့ ရွာအထွက်မှာ တိုက်ပွဲ ဖြစ်နေတာ။ ရွာအထွက်မှာကို စောင့်နေတာ။ ဒီဘက်ကလည်း ထိတော့ လူနာတင်ဖို့ ခေါ်တာနဲ့ ဦးလေးတို့က သယ်ဖို့သွားတာကို အပစ် ခံရတယ်” ဟု နမ့်ဖတ်ကာ မေတ္တာရှင်လူမှုကူညီရေးအသင်းမှ ဦးကျော်ဝင်းက ဆိုသည်။

မန္တလေးနှင့် လားရှိုးကြားတွင် မိုင်းဖောက်ခွဲခံရသည့် ဂုတ်တွင်းတံတား ပြင်ဆင်မှုများ ပြုလုပ်နေသည့်အတွက် မည့်သည့် ယာဉ်မျှ ဖြတ်သန်းလာနိုင်ခြင်းမရှိသော် လည်း လားရှိုးနှင့် မူဆယ်ကြားတွင် ယာဉ်သွား လာမှုများ ပုံမှန်အတိုင်းရှိနေကြောင်း သိရသည်။


READ NEXT
Cancel OK