Top News

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသော တံတားလေးစင်းကို အကြမ်းဖက် သောင်းကျန်းသူများက သုံးရက်အတွင်း မိုင်းခွဲဖျက်ဆီးခဲ့ပြီး အဓိကရည်ရွယ်ချက်မှာ တရုတ်-မြန်မာဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်ချင်သည့် သဘောရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်
24htopnews | October 22, 2024 3:13 PM CST

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသော တံတားလေးစင်းကို AA၊ TNLA ၊ MNDAA အကြမ်းဖက်သောင်းကျန်းသူများက သြဂုတ် ၁၅ ရက်မှ ၁၇ ရက်အထိ သုံးရက်အတွင်း မိုင်းခွဲဖျက်ဆီးခဲ့ပြီး အဓိက ရည်ရွယ်ချက်မှာ တရုတ်-မြန်မာဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်ချင်သည့်သဘောရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“သြဂုတ် ၁၇ ရက် ညနေ ၅ နာရီလောက်မှာ လားရှိုး၊ သိန္နီ၊ ကွမ်းလုံ ပြည်ထောင်စု လမ်းမပေါ်မှာရှိတဲ့ နားတီးကျေးရွာအထွက်က နားတီးကျေးရွာနားလေးက တံတား တစ်စင်း ထပ်မံပြီးတော့ ဖောက်ခွဲခံရတယ်။ ဒီတံတားအပါအဝင် ဂုတ်တွင်းတံတား၊ (၄၁)မိုင် တံတား၊ မန်တုံစွန်တံတားစတဲ့ တံတားလေးစင်းက သြဂုတ် ၁၅ ရက်ကနေ ၁၇ ရက်အတွင်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်။ အဓိကက တော့ တရုတ်-မြန်မာ ဆက်သွယ်ရေးလမ်း ကြောင်းကို ဖြတ်တောက်ချင်တဲ့သဘောရှိတယ်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်ချင်တဲ့ သဘောရှိပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့ နယ်၊ သိန်းနီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်အ တွင်းရှိ တံတားများအား AA၊ TNLA ၊ MNDAA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိရာ သြဂုတ် ၁၇ ရက် ညနေ ၅ နာရီခန့်တွင် လားရှိုး-သိန္နီ-ကွမ်းလုံ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နားတီးကျေးရွာအထွက် အရှည် ၅၀ ပေ၊ အကျယ် ၂၅ ပေရှိ ၃၁ မိုင် သံကွန်ကရစ်တံတားကို အကြမ်းဖက်သောင်း ကျန်းသူများက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် တံတားမှာ ပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်သွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသော ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းတံတား၊ (၄၁) မိုင် တံတား၊ မန်တုံစွန်တံတားနှင့် နားတီးရွာအထွက် တံ တား အပါအဝင် တံတားလေးစင်းကို သြဂုတ် ၁၅ ရက်မှ ၁၇ ရက်အတွင်း လမ်းပန်းဆက် သွယ်ရေးဖြတ်တောက်၍ မြို့/ရွာများအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိဖြင့် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် သြဂုတ် ၁၈ ရက် နံနက်ပိုင်းက ကွတ်ခိုင်မြို့ကို အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ တိုက်ခိုက်ရန် မြို့၏ အနောက်တောင်ဘက် နေရာသုံးနေရာမှ ချဉ်းကပ်လာသော သောင်းကျန်းသူအဖွဲ့ အင်အား ၁၅၀ ခန့်ကို တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ခဲ့၍ သောင်းကျန်းသူများမှာ အကျအဆုံးများပြီး ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း၊ လားရှိုး-ကွတ်ခိုင်- နမ့်ဖတ်ကာ- မူဆယ်နှင့် သိန္နီ- ကွမ်းလုံသွား ပြည်ထောင် စုလမ်းမကြီးတစ်ဝိုက်တွင် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲ လေးကြိမ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

“နောက်တစ်ခု ဒီနေ့(သြဂုတ် ၁၈ ရက်)မှာ ကွတ်ခိုင်မြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ နောက်ပြီး မြို့ရဲ့အနောက်က သုံးနေရာလောက်ကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က အင်အား ၂၀၀ လောက်က ချဉ်း ကပ်ပြီး မြို့ကိုတိုက်ခိုက်ဖို့ ဆောင်ရွက်တာ ရှိတယ်။ အဲဒါကတော့ ကျွန်တော်တို့ စစ်ကြောင်းတွေက အချိန်မီတားဆီးလိုက်နိုင်လိုက်တဲ့အတွက် သူတို့ဆီမှာ အကျအဆုံးတွေရှိလို့ အခုတော့ ဆုတ်ခွာသွားပြီ။ နောက်တစ်ခုကတော့ လာရှိုး၊ ကွတ်ခိုင်၊ မူဆယ်လမ်းပေါ်မှာ လမ်းလုံခြုံရေးနဲ့ နယ်မြေလုံခြုံရေးဆောင်ရွက် နေတဲ့ စစ်ကြောင်းတွေနဲ့ သုံးကြိမ်လောက် သြဂုတ် ၁၈ ရက်မှာ တိုက်ပွဲဖြစ်တယ်။ နောက်ပြီးတော့ သိန္နီ -ကွမ်းလုံသွားတဲ့ လမ်းမပေါ်မှာ တစ်ကြိမ်ဖြစ်တယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်အနေဖြင့် ယင်းတံတားများ အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေးနှင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး အပါအဝင် ၎င်းဒေသများ၏ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး တို့အတွက် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

 


READ NEXT
Cancel OK