Top News

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ဆန္ဒအလျောက် ကူညီပံ့ပိုးလိုသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် နိုင်ငံသားဟောင်းများအား အစိုးရဖိတ်ခေါ်
24htopnews | October 22, 2024 9:12 PM CST

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ဆန္ဒအလျောက် ကူညီပံ့ပိုးလိုသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် နိုင်ငံသားဟောင်းများအား ဖိတ်ခေါ်ကြောင်း နယူးယောက်ခ်နှင့် ဂျီနီဗာရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် တိုကျိုမြို့ရှိ မြန်မာသံရုံးတို့က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၃ ရက်တွင် တရားဝင် စာထုတ်ပြန်ကာ ဖိတ်ခေါ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ပြည်သူပြည်သားများ၏ စုပေါင်းအင်အားနှင့်အတူ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ဖိတ်ခေါ်စာတွင် ပါရှိသည်။

နိုင်ငံတော်တစ်ခုလုံး ငြိမ်းချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ကဏ္ဍပေါင်းစုံ၌ တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းပြည်ပရှိ လူ့စွမ်းအားအရင်းအမြစ်များအား အကျိုးရှိစွာ အသုံးချနိုင်မှုသည် လွန်စွာ ပဓာနကျကြောင်း အဆိုပါ ဖိတ်ခေါ်စာတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များအတွင်း မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံသားဟောင်းများနှင့် တွေ့ဆုံရာ၌ နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများတွင် မိမိတို့ တတ်သိကျွမ်းကျင်သည့် ပညာအတွေ့အကြုံများဖြင့် တတ်အားသမျှ ကူညီပံ့ပိုး အကျိုးပြုနိုင်ရန်အတွက် ဖိတ်ခေါ်ခဲ့ပြီး မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံသားဟောင်းများကလည်း ယင်းသို့ ပါဝင်အကျိုးပြုရန်အတွက် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၏ ဖိတ်ခေါ်စာတွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများနှင့် မြန်မာနိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်များ အနေဖြင့် မိမိတို့ တတ်သိကျွမ်းကျင်သည့် ပညာ၊ အတွေ့အကြုံတို့ဖြင့် နိုင်ငံတော်အတွက် ပါဝင်ကူညီ ပံ့ပိုးအကျိုးပြုလိုပါက ပုံစံဖောင်များ ဖြည့်စွက်၍ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများရှိ တာဝန်ရှိသူများထံ ဆက်သွယ်ပေးပို့ရန် မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများက ဖိတ်ခေါ်ထားသည်။

 


READ NEXT
Cancel OK