Top News

အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့မှ စစ်သင်္ဘောနှစ်စင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိ
24htopnews | October 22, 2024 9:12 PM CST

အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့မှ စစ်သင်္ဘောနှစ်စင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ဇန်နဝါရီ ၁၃ ရက် ညပိုင်းက ရောက်ရှိလာကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ ကမ်းလွန်ကင်းလှည့်ရေယာဉ် ICGS  Sujay နှင့် အမြန်သွား ကင်းလှည့်ရေယာဉ် ICGS Sarojini Naidu တို့သည် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာပြီး တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံရေတပ် စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ယင်းစစ်ရေယာဉ်များအား အဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်မှူးချုပ်အဆင့်ရှိ Deputy Inspector General Anurag Kaushik ဦးဆောင်၍ အရာရှိ၊ စစ်သည်၊ စုစုပေါင်း ၁၅၃ ဦးလိုက်ပါလာပြီး ဇန်နဝါရီ ၁၆ ရက်အထိ လေးရက်ကြာ နေထိုင်၍ ရန်ကုန်မြို့ရှိ အထင်ကရ နေရာများသို့ လေ့လာလည်ပတ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး

အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းစောင့် သင်္ဘောများ ရန်ကုန်မြို့သို့ အလည်အပတ် လာရောက်ခြင်းသည်  အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားရှိ နှစ်နိုင်ငံဆက်ဆံရေးအား ပိုမိုအားဖြည့်ခိုင်မာစေရန် အတွက် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုချစ်ကြည်ရေးခရီး လာရောက်သည် သင်္ဘောနှစ်စင်းအနက် Sujay သည် ကမ်းလွန်ကင်းလှည့် သင်္ဘောဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် အိန္ဒိယ ကမ်းရိုးတန်းစောင့်တပ်သို့ တပ်တော်ဝင်ခဲ့ခြင်းဖြစ်ကာ တန်ချိန် ၂၄ဝဝ ကျော်တင်ဆောင်နိုင်ပြီး အလျား ၁၀၅ မီတာရှည်ကာ အမြန်နှုန်း ၂၆ knots ထက်ပိုမြန်နိုင်ကြောင်း အိန္ဒိယသံရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် Sujay သင်္ဘောအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး၊ ပင်လယ်ရေကြောင်းဥပဒေ အကျိုးသက်ရောက်မှု ရှိရေးနှင့် ကင်းလှည့်ရေးတို့အတွက် တာဝန်ပေးအပ်ပြီး ပင်လယ်ပြင်တွင် ရေနံယိုဖိတ်ခြင်းအား ထိမ်းချုပ်ရန် ညစ်ညမ်းမှု တုံ့ပြန်ကိရိယာ တပ်ဆင်ထားကာ သင်္ဘောပေါ်တွင် အင်ဂျင်နှစ်လုံးတပ် ဟယ်လီကော်ပတာ တစ်စီးနှင့် မြန်နှုန်းမြင့် စပိဘုတ်ငါးစီး တင်ဆောင်နိုင်ရန် တည်ဆောက်ထားပြီး အရာရှိများနှင့် သင်္ဘောသားများ အပါအဝင် သင်္ဘောအမှုထမ်း ၁ဝဝ ကျော်ပါဝင်ကြောင်း သိရသည်။

ဓာတ်ပုံ - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး

ထို့အတူ အခြားသင်္ဘောတစ်စင်းဖြစ်သည့် ICGS Sarojini Naidu သည် မီတာ ၅၀ ရှည်ပြီး လျင်မြန်သော ကင်းလှည့်သင်္ဘော ဖြစ်ကာ ၂ဝဝ၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် တပ်တော်ဝင်ခဲ့ပြီး သင်္ဘောအမှုထမ်း ၄၀ ကျော် ပါဝင်ကြောင်း အိန္ဒိယသံရုံးက သတင်းထုတြ်ပန်သည်။

အဆိုပါ အိန္ဒိယကမ်းရိုးတန်းစောင့် သင်္ဘောနှစ်စင်းသည် ရန်ကုန်မြို့၌ ရှိနေစဉ်အတွင်း ဂါရဝပြုတွေ့ဆုံခြင်းများ၊ မြန်မာ့တပ်မတော် (ရေ) မှအရာရှိများ၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အရာရှိများနှင့် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ခြင်းများ၊ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများနှင့် စိတ်ဝင်စားဖွယ် နေရာများသို့ လည်ပတ်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


READ NEXT
Cancel OK