Top News

၂၀၂၀ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး ရိုးရာအကအဖွဲ့ဝင် လူဦးရေ ၁၀၀၀ ကျော် ပါဝင်ကပြမည်
24htopnews | October 22, 2024 9:12 PM CST

၂၀၂၀ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်၍ ကျင်းပလျက်ရှိပြီး ရိုးရာအကအဖွဲ့ ၂၀ ကျော်နှင့် အကအဖွဲ့ဝင် ၁၀၀၀ ကျော် ပါဝင်ကပြ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို နာရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပရာ မုဒ်ဦးရှေ့တွင် နံနက် ၉ နာရီက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရိုးရာတံခွန်တိုင် စိုက်ထူခြင်း (ဆုတောင်းတိုင်စိုက်ထူခြင်း)၊ ရိုးရာတိုင် စိုက်ထူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတော်သို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ စစ်ဖက်နယ်ဖက်မှ တာဝန်ရှိသူများ၊ နာဂမျိုးနွယ်စုများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

နာဂရိုးရာ နှစ်သစ်ကူးပွဲကို ယခင်က ကျေးရွာအလိုက်သာ ကျင်းပခဲ့ရာမှ ၁၉၅၇ ခုနှစ်မှ စတင်၍ မြို့နယ်အဆင့် ကျင်းပခဲ့သည်။ ၁၉၉၀ ခုနှစ် ရောက်သည့်အခါ မြို့နယ်ပေါင်းစုံမှ နာဂမျိုးနွယ်စု အကြီးအကဲများ ညှိနှိုင်းပြီး အရပ်ဒေသတိုင်းတွင် တစ်ရွာတစ်ရပ်အစား နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလ ၁၅ ရက်နေ့ ရောက်တိုင်း နာဂပွဲတော်အဖြစ် သတ်မှတ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြခြင်းဖြစ်သည်။

နာဂလူမျိုးများသည် မြန်မာနိုင်ငံ အနောက်မြောက်ဘက် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံရှိ နာဂတောင်တန်းတွင် နေထိုင်ကြသူများဖြစ်သည်။ နာဂလူမျိုးသည် တစ်မျိုးတည်း ဖြစ်သော်လည်း အမျိုးစုပေါင်းများစွာ ကွဲပြားလျက်ရှိသည့်အပြင် ၄င်းတို့နေထိုင်ရာ ဒေသပေါ်မူတည်ပြီး စကားနှင့် ဓလေ့ထုံးစံများ အနည်းငယ်စီ ကွဲလွဲကြသည်။

နာဂလူဦးရေ အနေဖြင့် စုစုပေါင်း နှစ်သန်းခန့်ရှိပြီး ၁ ဒသမ ၈၅ သန်းသည် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊ အာသံပြည်နယ်နှင့် အရုနချယ်ပရာဒက် ပြည်နယ်များတွင် နေထိုင်ကာ မြန်မာနိုင်ငံတွင် တစ်သိန်းခွဲခန့် နေထိုင်ကြကြောင်း သိရသည်။

 


READ NEXT
Cancel OK