Top News

ကယားပြည်နယ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်နိုင်ရန် နယ်မြေဒေသအခြေအနေပေါ် မူတည်၍ ကန့်သတ်နယ်မြေများ ဖြေလျှော့ပေးနိုင်ရေး ပြည်ထောင်စုအစိုးရသို့ တင်ပြဆောင်ရွက်လျက်ရှိ
24htopnews | October 22, 2024 9:12 PM CST

ကယားပြည်နယ်အတွင်း ပြည်တွင်း ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်နိုင်ရန် နယ်မြေဒေသအခြေအနေအပေါ်မူတည်၍ ကန့်သတ်နယ်မြေများ ဖြေလျှော့ပေးနိုင်ရေးကို ပြည်ထောင်စုအစိုးရသို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးတင်လတ်က ပြောကြားသည်။

လက်ရှိအချိန်တွင် နယ်စပ်ဝင်ပေါက်ဖြစ်သည့် PB 13 အား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်အဖြစ် သို့မဟုတ် ခြောက်ညအိပ် ခုနစ်ရက်ခရီးစဉ်များအဖြစ် ဖော်ဆောင်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထား ကြောင်း၊ အဆိုပါ နယ်စပ်ဝင်ပေါက်ခွင့်ပြု ချက်ရရှိပါက တစ်ဖက်နယ်စပ် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်းခရိုင်နှင့်ပူးပေါင်းပြီး ထိုင်းနိုင်ငံဘက်မှ  ခရီးသွားဧည့်သည်များ  ကယားပြည်နယ်သို့ လာရောက်လည်ပတ်နိုင်သည့် ခရီးစဉ်အသစ်များထဲတွင် မယ်စဲ့မြို့နယ် ဟိုဂျစ်ကျေးရွာအုပ်စု ကျိုက်ထီးရိုးစေတီအနီးရှိ သဘာဝအတိုင်းဖြစ်ပေါ်နေသည့် မြေနန်းတော် (ခေါ်) နတ်တောင်ကို ခရီးစဉ်ဒေသ အသစ်တစ်ခုအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါခရီးစဉ်အား ပြည်ပခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်နိုင်စေရေးအတွက် နယ်မြေဒေသအခြေအနေပေါ် မူတည်ပြီး ကန့်သတ်နယ်မြေအဖြစ်မှ ပယ် ဖျက်ပေးနိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်တင်ပြ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးဦးတင်လတ်က လွှတ်တော်၌ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အမျိုးသားပို့ကုန်မဟာဗျူဟာအရ  ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ကယားပြည်နယ်တွင် အကောင် အထည်ဖော်မှု အောင်မြင်သည့်အတွက် တနင်္သာရီတိုင်းဒေသကြီးနှင့်  ချင်းပြည်နယ်တွင် ဆက်လက် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“အခု ခရီးသွားလုပ်ငန်းက ကယားပြည်နယ်မှာအောင်မြင်တဲ့အတွက် တနင်္သာရီနဲ့ ချင်းတောင်မှာ ဆက်လက်အကောင်အထည်ဖော်မယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပို့ကုန်တိုးတက်ရေး အကောင်အထည်ဖော်နေသည့် အမျိုးသား ပို့ကုန်မဟာဗျူဟာစီမံကိန်းအရ ဦးစားပေး ကဏ္ဍကြီး ၁၁ ရပ်ပါဝင်ပြီး ပို့ကုန်မြှင့်တင် မည့်ကုန်စည်ကဏ္ဍ ငါးရပ်ပါဝင်ပြီး ဆန် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ ရေထွက်ကုန် နှင့် သစ်တောထွက်ကုန်၊ အထည်ချုပ်လုပ် ငန်းနှင့် ရာဘာတို့ဖြစ်သည်။ ဦးစားပေး ဆောင်ရွက်မည့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ်  ခရီးသွားလုပ်ငန်းကို ရွေးချယ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဦးစားပေးကဏ္ဍများအနက် ကယား ပြည်နယ်တွင် ဗဟိုခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ စစ်ကိုင်း၊ မန္တ လေး၊ မကွေးတိုင်းဒေသကြီးတွင် ဆောင်ရွက် နေသည့် ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ရေးစီ မံကိန်းမှာလည်း ထိရောက်မှုရှိကြောင်း ပြည် ထောင်စုဝန်ကြီးက ဆိုသည်။

“ကယားပြည်နယ်အခြေပြု ခရီးသွားလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တဲ့အတွက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ ဆက်လက်အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ အဲဒီစီမံကိန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်ပြီးတော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်က ဆက်လက်ပြောကြားသည်။    

 

 

 


READ NEXT
Cancel OK