Top News

၂၀၁၉ ခုနှစ် နိုဝင်ဘာအထိ ၁၁ လအတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ် ၁၉၂၇၄ စီးရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ရောင်းအား ၂၅ ရာခိုင်နှုန်းကျော်မြင့်တက်
24htopnews | October 22, 2024 9:12 PM CST

 

၂၀၁၉ ခုနှစ် နိုဝင်ဘာအထိ ၁၁ လအတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ်စီးရေ ၁၉၂၇၄ စီး ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်ကာ အာဆီယံနိုင်ငံများအနက် တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း ASEAN Automotive Federation က ထုတ်ပြန်သော ဒေသတွင်း ကားသစ်ရောင်းချမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ အာဆီယံနိုင်ငံများအလိုက် ကားသစ်ရောင်းချမှု ပမာဏမှာ အင်ဒိုနီးရှားတွင် ၉၄၀၃၆၂ စီး၊ ထိုင်းတွင် ၉၁၈၂၆၇ စီး၊ မလေးရှားတွင် ၅၄၉၄၄၅ စီး၊ ဖိလစ်ပိုင်တွင် ၃၃၆၂၂၆ စီး၊ ဗီယက်နမ်တွင် ၂၈၉၁၂၈ စီး၊ စင်ကာပူတွင် ၈၄၁၇၁ စီး၊ မြန်မာတွင် ၁၉၂၇၄ စီး၊ ဘရူနိုင်းတွင် ၁၀၉၄၉ စီးဖြစ်ပြီး အင်ဒိုနီးရှား၊ ထိုင်း စင်ကာပူနှင့် မလေးရှားနိုင်ငံတို့တွင် ယခင်နှစ်ထက် ရောင်းအားကျဆင်းခဲ့ပြီး  ကျန်နိုင်ငံများတွင် ရောင်းအားအနည်းအများအလိုက် တိုးတက်ခဲ့သည်။ အာဆီယံစျေးကွက်တစ်ခုလုံး အနေဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာအထိ ကားသစ်ရောင်းချမှုပမာဏ ၃၁၄၇၈၂၂ စီးရှိပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကားသစ်ရောင်းချမှုပမာဏ ၂ ဒသမ ၇ ရာခိုင်နှုန်း ကျ ဆင်းကာ မြန်မာနိုင်ငံက တိုးတက်မှုနှုန်း ၂၅ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ်စီးရေ ၈၂၂၅ စီး ရောင်းချနိုင်ခဲ့ရာ ၂၀၁၆ ခုနှစ်ကထက် ၉၇ ရာခိုင်နှုန်းကျော်များပြားခဲ့သည်။ ၂၀၁၈ ခု နှစ်တွင်လည်း ၂၀၁၇ ခုနှစ်ကာလတူထက်  အစီးရေ ၉၂၉၉ စီး၊ ရာခိုင်နှုန်းအားဖြင့် ၁၁၃ ရာခိုင်နှုန်း ပိုမိုရောင်းချခဲ့ရပြီး ၂၀၁၈ ခုနှစ်အတွင်း ကားစီးရေ ၁၇၅၂၄ စီး ရောင်းချခဲ့ရသည်။ မြန်မာစျေးကွက်၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ၁၇၄၀ စီး၊ ဖေဖော်ဝါရီတွင် ၁၃၉၆ စီး၊ မတ်တွင် ၁၄၈၃ စီး၊ ဧပြီတွင် ၉၅၅ စီး၊ မေတွင် ၁၆၀၇ စီး၊ ဇွန်တွင် ၁၆၇၈ စီး ၊ ဇူလိုင် တွင် ၁၇၂၄ စီး၊ သြဂုတ်တွင် ၁၈၅၈ စီး၊ စက်တင်ဘာတွင် ၁၈၂၂ စီး၊ အောက်တိုဘာတွင် ၂၆၀၀ စီး၊ နိုဝင်ဘာတွင် ၂၄၁၁ စီး ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူ ထက် ၃၉၀၉ စီး ပိုမိုရောင်းကာ တိုးတက်မှုနှုန်း ၂၅ ဒသမ ၄ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကားသစ်စီးရေ ၄၁၆၈ စီးရောင်းချခဲ့ရပြီး မြန်မာအစိုးရ၏ ကားတင်သွင်းမှုဆိုင်ရာမူဝါဒ အပြောင်းအလဲကြောင့်  ၂၀၁၇ ခုနှစ်အတွင်း ကားသစ်စီးရေ ၈၂၀၀ ကျော်အထိ၊ ၂၀၁၈ ခုနှစ်တွင် ကားသစ်စီးရေ ၁၇၀၀၀ ကျော်အထိ ရောင်းချခဲ့ရကာ ၂၀၁၉ ခုနှစ် ၁၁ လအတွင်း ကားသစ် ၁၉၃၀၀ စီး နီးပါးရောင်း ချခဲ့ရသည်။

ကားသစ်ရောင်းချမှုပမာဏ တိုးတက်မှုနည်းတူ မြန်မာနိုင်ငံတွင် ကားသစ်ထုတ်လုပ်မှုပမာဏ တိုးတက်မှု ဆက်တိုက်ဖြစ်ပေါ်နေပြီး ၂၀၁၉ ခုနှစ် ၁၁ လအတွင်း အစီးရေ ၁၄၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့သည်။ အာဆီယံ နိုင်ငံများတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံခြောက်နိုင်ငံတွင် ကားသစ် တပ်ဆင်ထုတ်လုပ်မှုများပြုလုပ်နေပြီး အာဆီယံဒေသတစ်ခုလုံး အနေဖြင့် ၂၀၁၇ ခုနှစ်တွင် သုည ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ရှစ်ရာခိုင်နှုန်း တိုးတက်မှုရှိသော်လည်း မြန်မာနိုင်ငံက  ၂၀၁၇ ခုနှစ်တွင် ရာခိုင်နှုန်း ၃၂၀ ကျော်၊ ၂၀၁၈ ခုနှစ်တွင် ရာခိုင်နှုန်း ၁၅၀ ခန့်၊ ၂၀၁၉ ခုနှစ်  ၁၁ လ အတွင်း ရာခိုင်နှုန်း ၃၀ ခန့်တိုးတက်ခဲ့သည်။

 


READ NEXT
Cancel OK