Top News

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ်၏ အစီရင်ခံစာကို ဌာနအဖွဲ့အစည်းများအနေဖြင့် အလေးအနက်ထားရန်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပါအတိုင်း ပြန်လည်ရှင်းလင်းရာတွင် တိကျသေချာစွာ ရှင်းလင်းရန်လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီ မှတ်ချက်ပြု
24htopnews | October 22, 2024 9:12 PM CST

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာကို ဌာနအဖွဲ့အစည်းများအနေဖြင့် အလေးအနက်ထားရန်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါအတိုင်း ပြန်လည်ရှင်းလင်းရာတွင် တိကျသေချာစွာ ရှင်းလင်းရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက သဘောထားမှတ်ချက်ပြုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ပြုလုပ်သည့်လွှတ်တော်အစည်းအဝေး၌ ဖတ်ကြားတင်ပြခဲ့ပြီး ယင်းကဲ့သို့ကော်မတီက သဘောထားမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ကော်မတီ၏ သဘောထားမှတ်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍငွေအရအသုံးဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ရသောဌာန၊ အဖွဲ့အစည်းများအနေဖြင့် ၂၀၁၇ -၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာပါ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို အလေးအနက်ထားရန်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၃၆ အပိုဒ်ခွဲ (ခ) တွင် စာရင်းစစ်ရုံးအဆင်ဆင့်တို့၏ အစီရင်ခံစာအရ ဝန်ထမ်းများအား အရေးယူသည့်အခါတွင် ပဏာမစုံစမ်းမှုကို ပြန်လည်ပြုလုပ်ခြင်းမပြုဘဲ စာရင်းစစ်ရုံးအဆင့်ဆင့်တို့၏ စစ်ဆေးတွေ့ရှိချက်ကို စွဲချက်တင်ရန် အထောက်အထားတစ်ရပ်အဖြစ် မှတ်ယူ၍ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ဆက်လက်ပြုလုပ်ရမည်ဟု ပြဌာန်းထားသဖြင့် ဌာန၊ အဖွဲ့အစည်းများအနေနှင့် ဘဏ္ဍာငွေသုံးစွဲရာတွင် အထူးဂရုပြုဆောင်ရွက်ရန်နှင့် စာရင်းစစ်ချုပ်အစီရင်ခံစာအပေါ် ပြန်လည်ဖြေရှင်းတင်ပြရာတွင်လည်း ဆောင်ရွက်ထားပုံအဆင့်ဆင့်ကို ခိုင်မာသော အချက်အလက်များဖြင့် တိကျသေချာစွာ  ရှင်းလင်းတင်ပြရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်စွဲပါ အမိန့်ညွှန်ကြားချက် အမှတ် (၁/၂၀၁၇) ဖြင့် ထုတ်ပြန်ထားသည့် တင်ဒါခေါ်ယူရေးဆိုင်ရာ ညွှန်ကြားချက်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏  ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၅/ ၂၀၁၇) တို့ကို အပြည့်အဝလိုက်နာနိုင်စေရန်နှင့် ဝန်ထမ်းများသိရှိနိုင် ရေးအတွက် သင်တန်းများပေးခြင်း၊ အခါအားလျော်စွာ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရင်းနှီးမြှုပ်နှံငွေထည့်ဝင်ခြင်းအတွက် ကျပ် ၆၄ ဘီလျံနှင့် မော်တော်ယာဉ်သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီများတွင် ထည့်ဝင်ရင်းနှီးမြှုပ်နှံခြင်းအတွက် ကျပ် ၇၀ ဘီလျံတို့နှင့် စပ်လျဉ်း၍ စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ပြည့်ပြည့်စုံစုံတင်ပြပေးရန်အဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုထားသည့်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၂၅ အပုဒ်ခွဲ (ဇ) တွင် နိုင်ငံပိုင် ရေ၊ မြေ၊ လေ၊ သယံဇာတများကို  အသုံးပြု၍ အကျိုးခံစာခွင့်ပေးသည့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့နှင့် စာချုပ်ပုံစံနည်းအမျိုးမျိုး၊ နည်းစနစ်အမျိုးမျိုးဖြင့် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းများ၏ လုပ်ငန်းနှင့် စာရင်းများကို လိုအပ်၍ တာဝန်ပေးလာပါက စစ်ဆေးခြင်းဟု ပြဋ္ဌာန်းထားသဖြင့် ယင်းပြဋ္ဌာန်းချက်နှင့်အညီ စစ်ဆေးဆောင်ရွက်ပြီး နောင်နှစ်အစီရင်ခံစာများတွင် ယခုထက်ပိုမိုပြည့်စုံစွာ ဖော်ပြသင့်ပါကြောင်းနှင့်  နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံသုံးစွဲခဲ့သော ရင်းနှီးမြှုပ်နှံငွေများကို နှစ်စဉ်စာရင်းပေါ်နိုင်စေရေးအတွက် စာရင်းမှတ်တမ်းများ ရေးသွင်းဆောင်ရွက်နိုင်ရန် စီမံခန့်ခွဲမှုအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်  ဥပဒေပုဒ်မ ၂၅ ၌ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖော်ပြထားရာ အပိုဒ်ခွဲ (ဃ) တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်သည် မိမိ၏ ဆောင်ရွက်ချက်များနှင့် စိစစ်တွေ့ရှိချက်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အစီရင်ခံတင်ပြသည်နှင့်တစ်ပြိုင်တည်း တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်သို့ အစီရင်ခံတင် ပြရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် သက်ဆိုင်ရာစာရင်းစစ်ချုပ်၏အစီရင် ခံစာကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းထံသို့ ဝေငှတင်ပြသဖြင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များနည်းတူရန် ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် သက်ဆိုင်ရာစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်နှင့် ဆောင်ရွက်ချက် အသေးအချက်အလက်များကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းက လေ့လာသိရှိခွင့်ရရှိစေရန် အသေးစိတ် အစီရင်ခံစာဝေငှနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်နှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်တို့ ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း ဖော်ပြထားသည်။

 

 


READ NEXT
Cancel OK