Top News

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသဖြင့် ထောင်ဒဏ်ချမှတ်ခံရသူ ခုနစ်ဦးရှိပြီး  မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ရုန်းကန်ရဆဲဟု AAPP ထုတ်ပြန်
24htopnews | October 22, 2024 9:12 PM CST

၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုသဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူ ခုနစ်ဦးရှိခဲ့ပြီး မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ရုန်းကန်နေရဆဲ ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း  (AAPP) က ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်သည့် ဒီဇင်ဘာလ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒီဇင်ဘာတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျင့်သုံး၍ ထောင်ဒဏ် ချမှတ်ခံရသူများမှာ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၏ အစ်မဖြစ်သူ မနေဇာထွန်း၊ မခင်ချိုနိုင်နှင့် ကိုဇော်မြင့်၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်းနှင့် မဆုရတနာမြင့်တို့ ဖြစ်သည်ဟု AAPP အစီရင်ခံစာက ဆိုသည်။

အဆိုပါ ခုနစ်ဦးအနက် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များသည် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊ အရပ်သားသုံးဦးသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)၊ ၁၅၃ (သို့မဟုတ်) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ပြစ်ဒဏ်ချမှတ် ခံရခြင်းဖြစ်ကြောင်း AAPP ထုတ်ပြန်ချက် အရသိရသည်။

ထို့ပြင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံရေးအကျဉ်းသား ၇၄ ဦး ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး တက်ကြွလှုပ်ရှားသူ ၃၈၅ ဦး ထောင်အတွင်းမှ တရားရင်ဆိုင်နေရပြီး ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ ၁၇၂ ဦးရှိကြောင်း AAPP က ထုတ်ပြန်သည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများနှင့် ပတ်သက်၍ ဖမ်းဆီး၊ ထောင်ဒဏ်ချမှတ်မှုဖြစ်စဉ် တဖြည်းဖြည်း များပြားလာခြင်းက နိုင်ငံအတွက် ကောင်းသည့်လက္ခဏာ မဟုတ်ဟု AAPP ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်က မှတ်ချက်ပြုသည်။

လွတ်လပ်သော ဒီမိုကရေစီနိုင်ငံများတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို စံနှုန်းတစ်ခုအဖြစ် သတ်မှတ်၍ ကာကွယ်ပေးထားပြီး အသွင်အကူးပြောင်းရေးမှ ဒီမိုကရေစီသို့ ဦးတည်နေသည့် မြန်မာနိုင်ငံတွင် အခြေခံအခွင့်အရေးများ ဆုံးရှုံးနေခြင်းသည် ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်လျက်ရှိသည်ကို ပြသနေသည်ဟု AAPP က အစီရင်ခံစာတွင် ဝေဖန်ထောက်ပြသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပြဋ္ဌာန်းပါရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာမှု မရှိဖြစ်နေပြီး ပြည်တွင်းနှင့်  နိုင်ငံတကာဥပဒေ စံနှုန်းများကို လေးစား လိုက်နာခြင်းဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အခြေခံ လူ့အခွင့်အရေးများကို မြှင့်တင်ရန် AAPP က တိုက်တွန်းသည်။

တစ်ဖက်တွင် လူ့အခွင့်အရေးအခြေအနေသည် ဆိုးရွားစွာ ယိုယွင်းလျက်ရှိသည်ကို နှစ် ၇၀ ကျော်ကြာ ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ၊ နိုင်ငံသား နှင့် နိုင်ငံရေးအခွင့်အရေးများ ချိုးဖောက်ခံရမှုများက ထုတ်ဖော်ပြသလျက်ရှိသည်ဟု AAPP အစီအရင်ခံစာတွင် ပါရှိသည်။

ထို့ကြာင့် နိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေ အမြန်ဆုံးတိုးတက်စေရန် လူ့အ ခွင့်အရေးချိုးဖောက်သူများ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်ခြင်း၊ နစ်နာခဲ့သူများအတွက် ပြန် လည် အစားထိုးပေးလျော်ခြင်း အစီအစဉ် များနှင့် ပြန်လည်ထူထောင်ရေးအစီစဉ်များ၊ နိုင်ငံတကာ လူ့အခွင့်အရေး စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးခြင်းတို့ လုပ်ဆောင်သင့်သည်ဟု အစီရင်ခံစာတွင် အကြံပြုထားသည်။

ထို့ပြင် လူ့အခွင့်အရေးနှင့် ဆက်နွှယ်သည့် ဥပဒေများကို ပြန်လည်သုံးသပ်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများ၊ တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားနှင့် အရပ်သားများအပေါ် စွဲဆိုချက်များ ရုပ်သိမ်းပေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်ခြင်းတို့ဖြင့်လည်း လူ့အခွင့်အရေး အခြေအနေများကို မြှင့်တင်ပေးရန် လိုအပ်သည်ဟု AAPP က ပြောကြားသည်။


READ NEXT
Cancel OK