Top News

၂၀၂၅ အာရှ ယူ-၁၇ ခြေစစ်ပွဲ အုပ်စု (I) ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်
24htopnews | October 22, 2024 9:13 PM CST

၂၀၂၅ အာရှ ယူ-၁၇ ခြေစစ်ပွဲ အုပ်စု (I) ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့အောက်တိုဘာ (၂၂)ရက်တွင် ဗီယက်နမ်နိုင်ငံ၊ Phu Tho မြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို အိမ်ရှင် ဗီယက်နမ်၊ မြန်မာ၊ ကာဂျစ္စတန်နှင့် ယီမင် ယူ-၁၇ အသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့ကြသည်။

“‌ခြေစစ်ပွဲ မတိုင်မီမှာ ကာတာ ယူ-၁၇ အသင်းနဲ့ ဒိုဟာမြို့မှာ ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံးခဲ့ပါတယ်။ အာဆီယံ ပြိုင်ပွဲပြီးနောက်မှာ အသင်းကို နည်းစနစ်ပိုင်းကအစ အပြောင်းအလဲတွေပြုလုပ် ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ အသင်းမှာ အထက်တန်း ကျောင်းသားတွေလည်း ပါဝင်ပါတယ်။အုပ်စုတွင်းက ပြိုင်ဘက်အသင်းတွေကိုလေးစားပါတယ်။ ရလဒ်ကောင်းဖို့အတွက် အကောင်းဆုံး ကြိုး စားသွားမှာပါ” ဟု မြန်မာ့လက်ရွေးစင် ယူ-၁၇ အသင်း နည်းပြချုပ် ဦးအောင်ဇော်မျိုးက ပြောကြားသည်။

မြန်မာ ယူ-၁၇ အသင်းသည် ခြေစစ်ပွဲ အဖွင့်ပွဲစဉ်ကို အောက်တိုဘာ (၂၃)ရက် မြန်မာစံတော်ချိန် မွန်းလွဲ (၃)နာရီခွဲတွင် ယီမင်ယူ-၁၇ အသင်းနှင့် စတင်ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

အလားတူ အောက်တိုဘာ(၂၅)ရက် မြန်မာစံတော်ချိန် ည (၆)နာရီခွဲ၌ ဗီယက်နမ်အသင်းနှင့် လည်း‌ကောင်း၊ အောက်တိုဘာ (၂၇) ရက် မြန်မာစံတော်ချိန် မွန်းလွဲ (၃)နာရီခွဲအချိန်၌ ကာဂျစ္စတန်အသင်းနှင့်လည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

အဆိုပါ ခြေစစ်ပွဲကို အုပ်စု (၁၀) စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု ပထမရရှိသည့် (၁၀) သင်း၊ အကောင်းဆုံး အုပ်စုဒုတိယရသည့် (၅) သင်းတို့ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဆော်ဒီအာရေဗျ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။


READ NEXT
Cancel OK