
မကြာမီမုတ်သုံကာလရောက်ရှိမည်ဖြစ်ပြီး မိုးသီးနှံစိုက်ပျိုးရန်နှင့်နွေစပါးရိတ်သိမ်းရန် ဆောင်ရွက်နေကြသဖြင့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေချိန်အတွင်း လယ်ယာလုပ်ငန်းများတွင် တောင်သူများနှင့် မိသားစုဝင်များ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး နေထိုင်ဆောင်ရွက်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
မကြာမီမုတ်သုံကာလ ကျရောက်တော့မည်ဖြစ်ပြီး တောင်သူများအနေဖြင့် မိုးသီးနှံများ စိုက်ပျိုးရန် လယ်ယာလုပ်ငန်းခွင်သို့ စတင်ဝင်ရောက်သည့်နည်းတူ နွေသီးနှံများ ရိတ်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုအခါ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ဖြစ်ပွားနေချိန်ကာလအတွင်း တောင်သူလယ်သမားများနှင့် မိသားစုဝင်များအားလုံး ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး နေထိုင်ဆောင်ရွက်ကြရန် အလွန်အရေးကြီးကြောင်း နှိုးဆော်ထားသည်။
သို့ပါ၍ တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းခွင်သို့ သွားရောက်ရာတွင်လည်းကောင်း၊ လယ်ယာလုပ်ငန်း ဆောင်ရွက်ရာတွင်လည်းကောင်း၊ အစားအစာစားသောက်ရာတွင်လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး လုံလောက်သောအကွာအဝေးနှင့် နေထိုင်လုပ်ကိုင်စားသောက်ကြရန်၊ လက်ဆေးနိုင်ရန် ဆပ်ပြာကိုဆောင်သွားရန်၊ လယ်ယာသုံး ကိရိယာများကို မသုံးစွဲမီ သန့်ရှင်းရေးပြုလုပ်ရန်၊ လယ်ယာသုံးစက်ကိရိယာများကို ကိုင်တွယ်မသုံးစွဲမီနှင့် သုံးစွဲပြီးတိုင်း၊ အစာမစားမီနှင့် အစာစားပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာဆေးကြောရန် မိုးရေစို၍ ဖျားနာခြင်းမဖြစ်စေရန် ခမောက်၊ မိုးကာ၊ ပက္ကလာ၊ လည်ရှည်ဖိနပ်များကို အသုံးပြု ဝတ်ဆင်ရန်၊ ချောင်းဆိုးနှာချေသည့်အခါတိုင်း တံတောင်ကွေးဖြင့် လုံခြုံစွာအုပ်၍ ပြုလုပ်ရန် သို့မဟုတ် နှာခေါင်းစည်း တပ်ဆင်ထားရန်တို့ကို တိုက်တွန်းနှိုးဆော်ထားသည်။
တောင်သူများအနေဖြင့် အထက်ပါလုပ်ငန်းစဉ်များအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော ကျန်းမာရေးဆိုင်ရာ ကျင့်သုံးရမည့်အချက်များအား လိုက်နာကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
COVID- 19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍအပေါ် သက်ရောက်မှုများအား တုံ့ပြန်နိုင်ရေးနှင့် နိုင်ငံတော်မှရေးဆွဲလျက်ရှိသည့် တုံ့ပြန်ရေးမဟာ ဗျူဟာအစီအစဉ်တွင် ပါဝင်နိုင်ရေးအတွက် ဆွေးနွေးလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
COVID- 19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏လယ်ယာကဏ္ဍအပေါ် သက်ရောက်မှုအား ထိရောက်စွာ တုံ့ပြန်နိုင်ရေးနှင့် နိုင်ငံတော်မှရေးဆွဲဆောင်ရွက်လျက်ရှိသည့် COVID-19 တုံ့ပြန်ရေးမဟာဗျူဟာအစီအစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးရခြင်းဖြစ်ပြီး လုပ်ကွက်ငယ်တောင်သူများနှင့် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများအတွက် ငွေကြေးထောက်ပံ့မည့် အစီအစဉ်များ၊ စျေးကွက်ခိုင်မာရေးနှင့် နည်းပညာပ့ံပိုးပေးမည့် အစီအစဉ်များ၊ ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမည့် အစီအစဉ်များ၊ Cash for Work ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်စပါးစိုက်ဧက ၁၇ ဒသမ ၈ သန်းခန့်စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် တစ်နှစ်လျှင် စပါးတန်ချိန် ၂၇ သန်း ဝန်းကျင်ရှိကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သည် ငါးနှစ်အတွင်းတန်ချိန် ၂၇ ဒသမ ၅ သန်းကျော်ဖြင့် အများဆုံးထွက်ရှိသည့်နှစ်ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကို ကိုးကားပြီးဗဟိုစာ ရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်