Top News

သောက်သုံးရေကန် ခမ်းခြောက်မှုကြောင့် ရေအခက်အခဲကြုံနေသည့် ကန့်မလာကျေးရွာသို့ Eleven Media Group နှင့်စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှု အစီအစဉ်နှင့် ပရဟိတအဖွဲ့များ အလှူရှင်များ ပူးပေါင်းကာ သောက်သုံးရေများ လှူဒါန်း
24htopnews | October 23, 2024 3:12 AM CST

နေပူရှိန်ပူပြင်း၍ သောက်သုံးရေကန်များ ခမ်းခြောက်မှုကြောင့် ရေအခက်အခဲ ကြုံတွေ့နေရသည့် လပွတ္တာမြို့နယ် ပြင်ထောင်တွင်းကျေးရွာအုပ်စု ကန့်မလာကျေးရွာသို့ Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှု အစီအစဉ်နှင့် လပွတ္တာမြို့ပေါ်ရှိ ကရုဏာမျက်ဝန်း ပရဟိတအဖွဲ့၊ နှလုံးလှ လူငယ်များ ပရဟိတအဖွဲ့တို့ ပူးပေါင်းကာ မေလ ၁၂ရက်နေ့က သောက်သုံးရေများ သွားရောက် လှူဒါန်းပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ကန်ရေများ ခမ်းခြောက်ပြီး သောက်သုံးရေခက်ခဲနေသည့် ကန့်မလာကျေးရွာသို့ Eleven Media Group နှင့်စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှု အစီအစဉ်နှင့် ပရဟိတအဖွဲ့များမှ လပွတ္တာမြို့မှ သောက်သုံးရေများကို မော်တော်ယာဉ်များဖြင့် သယ်ယူကာ အလှူရှင်များ ဖြစ်ကြသည့် ဦးကျော်သူခိုင်၊ ဦးချစ်ဦးတို့ ကူညီပံ့ပိုးမှုဖြင့် သောက်သုံးရေ ဂါလံပေါင်း ၁၆ဝဝကျော်ကို သွားရောက်လှူဒါန်းပေးနို်င်ခဲ့ကြောင်း သိရသည်။

“နေ့တိုင်း အကူညီတောင်းတဲ့ရွာတွေက များလာနေတယ်၊ လပွတ္တာမြို့ပေါ်မှာတောင် သောက်သုံးရေက အရမ်းနည်းနေပြီ အရင်လို မြို့နယ်ပြင်ပက အလှူရှင်တွေကလည်း နည်းနေတော့ ပိုဒုက္ခရောက်ကြရတယ်၊ မြောင်းမြကနေ ရေသယ်ဖို့ဆိုတာကလည်း အခုလို ရောဂါကပ်ဆိုးချိန်မှာ အခုလို ပုံးလေးတွေနဲ့ သွားသယ်ဖို့မလွယ်ဘူး၊ ဦးဇင်းတို့လဲ နေ့တိုင်းကို နိုင်သလောက် ပံ့ပိုးကူညီမှုတွေနဲ့ ပို့ဆောင်ပေးနေတာပဲ ရွာတွေကနေ နေ့တိုင်း အကူညီတောင်းခံမှုတွေ အရမ်းများလာတယ်”ဟု Eleven Media Group နှင့်စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်အား ဦးဆောင်သွားရောက် လှူဒါန်းပေးသူ ဆရာတော် ရှင်ပညာလောကက မိန့်ကြားသည်။

Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်မှ ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ လပွတ္တာမြို့နယ်တွင် ကုန်းကြီးကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ ကန့်ဘလာကျေးရွာ၊ ရွေးစုစည်းကျေးရွာ၊ ကံဆိပ်ကျေးရွာ၊ စလူဆိပ်ကျေးရွာ၊ ပြင်ကနုကုန်းကျေးရွာ ငပုတောမြို့နယ်တွင်၊ မကျီးချိုင်ကျေးရွာ၊ ကုန်းသာယာကျေးရွာ၊ ဘိုကလေးမြို့နယ်တွင် ချောင်းဗြဲကြီးကျေးရွာ၊ သမစိတ္တကျေးရွာ၊ ခြောက်ဂငယ်ကျေးရွာ၊ လိပ်သောင်ရေကျော်ကျေးရွာ၊ လမုအုပ်ကလေးကျေးရွာ၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လမုတပင်ကျေးရွာ၊ သစ်နီဇွဲကျေးရွာ၊ ကန်စုကျေးရွာ၊ ငပုတောမြို့နယ်တွင် ဘီလူးချောင်း ကျေးရွာတို့တွင် မြေသားနှင့် ကျောက်သားရေလှောင်ကန်များ တူးဖော်လှူဒါန်းပေးထားခဲ့ပြီး သာပေါင်းမြို့နယ်တွင် မြတောင်ညိုဒေသတွင် စက်ရေတွင်း တစ်တွင်းအား တူးဖော်လှူဒါန်းပေးထား နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင်လဲ သောက်သုံးရေရှားပါးပြတ်လပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေများ လှူဒါန်းပေးနေမှုသာ မကဘဲ ကံဆိပ်ကျေးရွာနှင့် ကန့်ဘလာကျေးရွာတို့တွင် ကျေးရွာအတွင်း နေအိမ်များအရောက် ရေပိုက်များ သွယ်ယူပေးကာ သောက်သုံးရေ ဖြန့်ဖြူးပေးခြင်းများကိုပါ လှူဒါန်းပေးထားကြောင်း သိရသည်။


READ NEXT
Cancel OK