တရုတ်နိုင်ငံမှ နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားများအား တောင်ကြီးမြို့မှတစ်ဆင့် သက်ဆိုင်ရာ ဒေသများသို့ ကူညီပို့ဆောင်ပေးမှုမှာ ဧပြီလ ၂၉ ရက်မှ မေလ ၁၁ ရက်အထိ ၇ ကြိမ်ရှိပြီဖြစ်ပြီး လူဦးရေ ၃၀၀၀ ကျော် ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန် ရွှေ့ပြောင်းလုပ်သား အများစုသည် ရခိုင်ပြည်နယ်မှ ဖြစ်ကြပြီး၊ တောင်ကြီးမြို့တွင် ကြားခံကြိုဆို လက်ခံပေးခဲ့ပြီး၊ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ နေရပ်ပြန်နိုင်ရန် ကူညီပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ထိုသို့ ကြိုဆိုလက်ခံ လွှဲပြောင်းရာတွင် တောင်ကြီးခရိုင် စီမံခန့်ခွဲမှုကော်မတီ၊ တောင်ကြီးမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကားကွင်းတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စေတနာ့ဝန်ထမ်း အဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ထမင်းဟင်း အလှူရှင်များတို့မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မေလ ၁၁ ရက် ညနေပိုင်း ၄ နာရီခွဲအချိန်ခန့်တွင် ရွှေ့ပြောင်းလုပ်သားများသည် မော်တော်ယာဉ်ငယ် ၁၃ စီးဖြင့် ရောက်ရှိလာပြီး၊ လူဦးရေ ၂၄၁ ဦးရှိကာ၊ Express ခရီးသည်တင်ယာဉ် ၅ စီးဖြင့် ကူညီပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ညနေပိုင်းတွင် မိုးအနည်းငယ် ရွာသွန်းခဲ့သဖြင့် အမိုးအကာအောက်တွင် ရွေ့ပြောင်း ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။ နောက်ထပ် မူဆယ်မြို့တွင် လူဦးရေတစ်ထောင်ကျော်ကို ထပ်မံလွှဲပြောင်းရန် ရှိနေပြီး၊ Quarantine ရက် ပြည့်ပြီးချိန် လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။
“ခုဆိုရင် တောင်ကြီးမြို့ကနေ ၇ ကြိမ်မြောက်အဖြစ် လူဦးရေပေါင်း သုံးထောင်ကျော်ကို ကူညီပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေ့ ဝင်ရောက်တာကတော့ ၂၄၁ ဦးပေ့ါ။ နေရပ်ဒေသတွေကို ပြန်လည်ထွက်ခွာဖို့ ဆောင်ရွက်ပေးတာ၊ ထပ်မံရောက်ရှိဖို့လည်း ရှိသေးတယ်။ မိုင်းလားဒေသတွင်းမှာ ကွာရတင်း ဝင်နေတယ်။ သတ်မှတ်ရက် ပြည့်သွားရင် ပြန်လာဖို့ရှိပါတယ်။ ခန့်မှန်းခြေ လူတစ်ထောင် ပတ်ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။ နောက်လာမယ့် အသုတ်တွေ အတိအကျတော့ မပြောနိုင်ဘူး။ ၇ ကြိမ်မြောက်မှာ လူဦးရေ သုံးထောင်ကျော်ကို သက်ဆိုင်ရာ နေရပ်အသီးသီးကို ပြန်လည်သွားလာနိုင်ရေးအတွက် တောင်ကြီးမြို့ အနေနဲ့ စီစဉ်ဆောင်ရွက်ထားပါတယ်။ စားဖို့သောက်ဖို့အတွက်လည်း စီစဉ်ဆောင်ရွက်ပေးပါတယ်။ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေကို ဒီရောဂါဖြစ်ပွားမှုကာလမှာ ရောဂါကူးစက်မှု အနည်းဆုံးဖြစ်အောင် သက်ဆိုင်ရာမှ စီမံဆောင်ရွက်ထားတာ ဖြစ်ပါတယ်” ဟု တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောကြားသည်။
အဆိုပါ ရွှေ့ပြောင်းလုပ်သားများ မရောက်လာခင် TBC ကားကွင်းကို ဆေးဖြန်းဆောင်ရွက်ခဲ့ပြီး၊ ဝင်ရောက်လာချိန်တွင်လည်း ၁၂ ဘီးမော်တော်ယာဉ်များကို ဆေးဖြန်းခြင်း၊ ကားများအားလုံး ထွက်ခွါသွားချိန် တွင်လည်း ကားကွင်းကို ဆေးဖြန်းခြင်း၊ ထမင်းထုတ်ဝေခြင်းတို့ကို ပရဟတိအဖွဲ့များနှင့် စေတနာရှင် လူငယ်များအဖွဲ့တို့မှ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ရွှေ့ပြောင်းလုပ်သားများ ရောက်ရှိလာခြင်းမှာ ပထမအကြိမ် မိုင်းလားမှ မြန်မာနိုင်ငံသားများ ၂၇၅ ဦးကို စုရပ်စခန်းဖြစ်သော တောင်ကြီးမြို့၊ သစ်တောရပ်ကွက် ကားလေးကွင်းသို့ ဧပြီလ 29 ရက် နေ့လည်ပိုင်း ၁၂ နာရီခွဲ အချိန် တွင် လည်းကောင်း၊ ဒုတိယအကြိမ် တောင်ကြီးမြို့၊ TBC ကားကွင်းတွင် မေလ (၂) ရက် ညဘက် (၁၁) နာရီ အချိန်တွင် လူဦးရေ ၅၆၆ ဦး ကိုလည်းကောင်း၊ တတိယအကြိမ် တောင်ကြီးမြို့၊ TBC ကားကွင်းတွင် မေလ(၄) ရက် ညပိုင်း (၈) နာရီအချိန်တွင် လူဦးရေ (၄၀၀) ကျော်ကိုလည်းကောင်း၊ စတုတ္ထအကြိမ်၊ မေလ(၅) ရက်တွင် လူဦးရေ (၅၅၂) ဦးကိုလည်းကောင်း၊ ပဥ္စမအကြိမ် မေလ(၇) ရက်တွင် လူဦးရေ (၄၄၂) ဦးကိုလည်းကောင်း၊ ဆဋ္ဌမအကြိမ် မေလ(၉) ရက်တွင် လူဦးရေ (၇၆၇) ဦးကို လည်းကောင်း၊ သတ္တမအကြိမ်တွင် မေလ(၁၁) ရက် ညနေခင်းတွင်လူဦးရေ (၂၄၁) ဦးကိုလည်းကောင်း ကူညီပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
