Top News

ဗန်းမောက်မြို့နယ် ပန်းတောကျေးရွာ မန်ကျီးပင်လျှိုအနီးရှိမှော်တွင် တရားမဝင် ရွှေတွင်းတူးဖော်ရာမှ ယမ်းပေါက်ကွဲမှုကြောင့် အသက်ရှူကျပ်ပြီး သေဆုံးသူ လေးဦးအထိရှှှိလာ
24htopnews | October 23, 2024 3:12 AM CST

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ပန်းတောကျေးရွာ မန်ကျီးပင်လျှိုအနီးမှော်တွင် မေ ၉ ရက် နေ့လယ်ပိုင်းက တရားမဝင် ရွှေတွင်းတူးဖော်ရာက ယမ်းပေါက်ကွဲမှုကြောင့် အသက်ရှူကျပ်ကာ သေဆုံးသူ လေးဦးအထိ ရှိလာပြီဖြစ်ကြောင်း ဗန်းမောက်မြို့ မြင့်မြတ် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးကျော်မြင့်ဦး၏ ပြောကြားချက်အရ သိရသည်။

ကသာခရိုင် ဗန်းမောက်ဆေးရုံမှ မန္တလေးဆေးရုံသို့ သွားရောက်ပို့ဆောင်စဉ် လမ်း၌ အမျိုးသားသုံးဦး ထပ်မံသေဆုံးသွားခဲ့ပြီး မန္တလေးဆေးရုံသို့ ရောက်ရှိသွားသည့် လူနာခြောက်ဦး၏ ကျန်းမာရေး အခြေအနေသည် လက်ရှိတွင် ကောင်းမွန်နေဆဲဖြစ်ကြောင်း သိရသည်။

“ဗန်းမောက်ဆေးရုံမှာ ရောက်ရောက်ချင်း တစ်ယောက်ဆုံးသွားတယ်။ ဗန်းမောက်ဆေးရုံကနေ လူနာခုနစ်ယောက်ကို လူနာတင်ကား ခုနစ်စီးနဲ့ မန္တလေးကို ပို့ဆောင်စဉ်မှာ လူနာသုံးယောက်က လမ်းမှာပဲ ထပ်ပြီးတော့ ဆုံးသွားတယ်။ ညနေပိုင်းကျတော့ ဖြစ်စဉ်နေရာကနေ လူနာနှစ်ယောက် ထပ်ရောက်လာတယ်။ စုစုပေါင်း လူနာက ၁၀ ဦးရှိတယ်။ လူနာ ၁၀ ဦးရှိတဲ့အနက် လူနာလေးဦးက ဆုံးသွားပြီ။ ကျန်လူနာခြောက်ဦးရဲ့ ကျန်းမာရေး အခြေအနေကတော့ ကောင်းတယ်” ဟု ဗန်းမောက်မြို့ မြင့်မြတ် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးကျော်မြင့်ဦးက ပြောကြားသည်။

မေ ၉ ရက်က ဗန်းမောက်မြို့နယ် ပန်းတောကျေးရွာ မန်ကျီးပင်လျှိုအနီးမှော်တွင် တရားမဝင် ရွှေလုပ်ငန်း လုပ်ကိုင်နေသော ဦးလှိုင်ကြီးပိုင် အနက်ပေ ၂၀၀ ခန့်၊ အကျယ်လေးပေခန့်ရှိ ရွှေတွင်း၌ ရွှေလုပ်ငန်း လုပ်ကိုင်နေစဉ် ၎င်းအနီးရှိ ပေ ၁၀၀ ခန့်အကွာအဝေးတွင် တရားမဝင် ရွှေလုပ်ငန်း လုပ်ကိုင်နေသော ဦးသားကြီးပိုင် ရွှေတွင်းမှ မြေအောက်တွင် ငါးပေခန့်ခြားထားပြီး ဦးသားကြီး၏ ရွှေတွင်းဘက်မှ ယမ်းခွဲမှုကြောင့် ဦးလှိုင်ကြီး၏ ရွှေတွင်းတွင် အလုပ်လုပ်နေသော ရွှေလုပ်သားများမှာ အသက်ရှူကျပ်ဝေဒနာ ခံစားခဲ့ရခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင် ယမ်းဖောက်ခွဲပစ္စည်းများအား ပေါ့ဆစွာ အသုံးပြု ရွှေတူးဖော်၍ လူ့အသက် သေဆုံးသွားခဲ့ခြင်းနှင့် လူ့အသက်အန္တရာယ် ဖြစ်စေလောက်အောင် နာကျင်စေလောက်သော ဒဏ်ရာများ ရရှိစေခဲ့သူ ရွှေတွင်းပိုင်ရှင် ဦးလှိုင်ကြီး၊ ဦးသားကြီးနှင့် ယမ်းဖောက်ခွဲပစ္စည်းများအား ဦးစီးလုပ်ကိုင်သူ ဦးသန့်ဇင်တို့ သုံးဦးအား ဗန်းမောက်မြို့မရဲစခန်းမှ (ပ) ၂၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၆ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


READ NEXT
Cancel OK