Top News

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် သဘင်အစည်းအရုံးသို့ ဆန်၊ ဆီ၊ ပဲ များ လှူဒါန်း
24htopnews | October 23, 2024 4:12 AM CST

COVID19 ကာလအတွင်း သတင်းမီဒီယာများနှင့်သဘင်ပညာရှင်များ စားသောက်ရေးအဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ဆီ၊ဆား၊ပဲ စသည်တို့ကို ယနေ့ (မေ ၁၅ ရက်)နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့  ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ပေးအပ်လှူဒါန်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

.အဆိုပါ လှူဒါန်းသည့်ပစ္စည်းများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ-ဦးအုန်းကြိုင်)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဖိုးချစ်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများကသတင်းမီဒီယာများအတွက် ဆန်လေးပြည်ပါ အိတ် ၂၀၀ ၊ပဲ ၄၂ ကျပ်သားပါ အထုတ် ၂၀၀ ၊ ဆား၂၅ ကျပ်သားပါ အထုတ်၂၀၀ ၊ ဆီ ၃၀ ကျပ်သားပါ ဘူး ၂၀၀ တို့ကိုလှုဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် အဆိုပါပစ္စည်းများကို မေလ ၁၀ ရက်က သတင်းသမားများထံ လှူဒါန်းရန်ရရှိထားသည့် စာရင်းများသို့ ပေါင်းထည့်ကာ We Love Yangon ရှိရာ MCC ခန်းမတွင်ထားရှိပြီးCOVID-19 ကာလအတွင်းအလုပ်ရပ်နားခံထားရသည့် သတင်းသမားများ၊ လစာနည်း သတင်းသမားများနှင့် အခက်အခဲရှိနေသည့် သတင်းသမားများ လက်ဝယ်ထံ ရောက်ရှိရန် အမြန်ဆုံးပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် မေ ၁၂ ရက်က ပထမအသုတ်စာရင်း လက်ခံရရှိသောCOVID-19 ကာလအတွင်း အလုပ်ရပ်နားခံထားရသည့် နယ်သတင်းသမား ခြောက်ဦးနှင့်ရန်ကုန်သတင်းသမား ၂၅ ဦးတို့ကို လက်ဝယ်အရောက်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်(ဟံသာဝတီ)က ‘’ဒီအချိန်မှာ နိုင်ငံတော်အစိုးရဟာ COVID ရောဂါအန္တရာယ်ဆိုးကို ခုခံဟန့်တားဖို့ကြိုးစားတယ်။ အဲတစ်ဖက်ကလည်း တပ်မတော်က ပါဝင်ပြီးကြိုးစားလာတာတွေ့ရတယ်။ ဒီလိုအခြေအနေရောက်အောင် တော်တော်လေး ထိထိရောက်ရောက်ဟန့်တားကြိုးစားနိုင်တယ်လို့ ယူဆတယ်။ ဒီကာလအတွင်းမှာ အရာအားလုံး လုပ်ငန်းတွေလည်း ပျက်သွားတယ်။ ပိတ်သွားတယ်။ ဒီထဲမှာ သတင်းမီဒီယာတွေလည်း ပါပါတယ်။ သတင်းမီဒီယာ၊ ပုဂ္ဂလိကပုံနှိပ်မီဒီယာတွေဟာ ကိုဗစ်ရောဂါဆိုး မလာခင်ကတည်းက တိုင်းပြည်မှာ ကျဆုံး၊ဒုက္ခရောက်လာတယ်။ တဖြေးဖြေးနဲ့ ပျောက်ပျောက်သွားတယ်။ သတင်းစာ ဂျာနယ်တိုက်တွေပိတ်ရတယ်။ ပိတ်ရတော့ အလုပ်လက်မဲ့ဖြစ်ကြတယ်။ အခုကိုဗစ်ရောဂါဆိုး ဝင်လာတဲ့အခါကျတော့ ပိုပြီးဆိုးသွားတယ်။ မီဒီယာသမားတွေမှာလည်း အခက်အခဲရှိပါတယ်။ အလားတူပဲ သဘင်ပညာသည်တွေဟာ ဒီရာသီဟာ ဇာတ်ပွဲကကြတာ။ အခုကိုဗစ်ကြောင့် သူတို့လည်း ဇာတ်ပွဲမကရ၊ဘယ်မှလည်း ထွက်လို့မရဘူး။ ဇာတ်ခေါင်းတွေကွဲ ဆုံးရှုံးနစ်နာကြတာ။ ဒီကာလမှာ  တပ်မတော်က အခုလို တစ်စိတ်တစ်ပိုင်းလောက် အကူအညီပေးတာလည်း ထိရောက်ပါတယ်။ တတ်နိုင်ရင် ဒီထက်ပို လှူဒါန်းနိုင်ရင် ပိုကောင်းပါတယ်။ နိုင်ငံတော်ကလည်း လှူဒါန်းရင် ပိုကောင်းပါတယ်“ ဟု ပြောကြားသည်။

ယခုလှူဒါန်းမှုသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တပ်မတော်သားများ၏ တစ်လစာ လစာကို စုပေါင်း၍ လှူဒါန်းမှုအစီအစဉ်မှ ဖြစ်ကြောင်း၊ လှူဒါန်းမှုသည် ပထမဆုံးဖြစ်ပြီး ကျေးဇူးတင်ရှိကာ ဝမ်းသာချီးကျူးကြောင်း  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ က ဆက်လက်ပြောကြားသည်။

 

တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက သတင်းမီဒီယာများနှင့် သဘင်ပညာရှင်များ အတွက် လှူဒါန်းမှုစုစုပေါင်း Surgical Mask အခု၂ဝဝဝ ၊ Hand Gel ဘူး ၆၀ ၊ Hand Washဘူး ၆၀ ၊ ဆန် ၆၄ အိတ်၊ ဆီ ၁၁၂ ပိဿာ၊ ဆား ၉၈ ပိဿာ၊ ပဲ ၁၆၈ ပိဿာတို့ဖြစ်ကြောင်းသိရသည်။

အလုပ်ရပ်နားခံထားရသည့် သတင်းသမားများ၊ လစာနည်း သတင်းသမားများနှင့် အခက်အခဲရှိနေသည့်သတင်းသမားများအနေဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ပံ့ပိုးကူညီပေးသည့် ဆန်၊ ဆီစသည့်စားသောက်ကုန်ပစ္စည်းများကိုလက်ခံရယူနိုင်ရန်အတွက် သတင်းမီဒီယာကောင်စီဖုန်းနံပါတ် (09448026326) ၊ အီးမေးလ်လိပ်စာ (mmpresscouncil@gmail.com) သို့ အချက်အလက်ပြည့်စုံစွာ ဖြည့်၍ ပေးပို့နိုင်ရန် လိုိအပ်ကြောင်း မေတ္တာရပ်ခံထားသည်။

 

 

 

 

 

 


READ NEXT
Cancel OK