Top News

ကန်ရေများ ခမ်းခြောက်ကာ သောက်သုံးရေ ရှားပါးပြတ်လပ်နေသည့် လပွတ္တာမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းနီး ကျေးရွာ များအား Eleven Media Group နှင့် စေတနာရှင်အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်မှ သောက်သုံးရေများ သွားရောက်လှူဒါန်း
24htopnews | October 23, 2024 4:12 AM CST

ကန်ရေများခမ်းခြောက်ကာ သောက်သုံးရေရှားပါးပြတ်လပ်နေသည့် လပွတ္တာမြို့နယ် ပင်လယ်ကမ်းနီးကျေးရွာများဖြစ်သည့် မြယာကုန်းကျေးရွာ၊ စွယ်စုံကျေးရွာ၊ ကဏန်းကြီးကျေးရွာနှင့် လပွတ္တာမြို့ပေါ်ရှိ ရပ်ကွက်အချို့အား မေလ ၁၅ရက်နေ့က Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်နှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

လပွတ္တာမြို့ပေါ်တွင် သောက်သုံးရေရှားပါးပြတ်လပ်လာမှုကြောင့် ပုသိမ်မြို့မှ သောက်သုံးရေများအား ပုသိမ်မြို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ပိုင် သောက်သုံးရေသယ်ယာဉ်များဖြင့် လပွတ္တာမြို့သို့ သယ်ယူကာ ယင်းမှ တဆင့် စက်လှေများဖြင့် အလှူရှင်များဖြစ်ကြသည့် ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး (ငြိမ်း) ဦးဝင်းကိုကို၊ ကိုဇော်လွင်မိုး၊ ကိုထက်ပိုင်ဖြိုး၊ မသူဇာအေး မိသားစု၊ ဆရာဒေါ်နွေးနွေး၊ ဦးသန်းမြင့် ဒေါ်မြင့်မြင့်ဌေး မိသားစုနှင့် ဒေါ်နွဲ့ရီတို့ ပံ့ပိုးကူညီမှုဖြင့် Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်နှင့် ကရုဏာမျက်ဝန်း ပရဟိတအဖွဲ့၊ နှလုံးလူငယ်များ ပရဟိတအဖွဲ့ပူးပေါင်းကာ ကျေးရွာများအရောက် သွားရောက်လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။

“မြို့ပေါ်မှာ ပိုက်ဆံပေးဝယ်တာတောင်မှ ရေကောင်းက မရတော့ဘူးလေ လိုသလောက်လဲ မရဘူး၊ မြို့ပေါ်မှာကို ရေကပြတ်သွားတာ ကျေးရွာတွေမှာကျ ပိုဆိုးကုန်တာပေါ့၊ မြို့ပေါ်မှာလဲ ရသလောက်စု အခြားမြို့ကနေလဲ ရေကားတွေနဲ့ အကူညီတောင်းပြီးတော့ ပို့ဆောင်လှူဒါန်းနေရတယ်၊ ကုန်းလမ်းခရီးရွာတွေက မော်တော်ယာဉ်တွေ ရောက်တော့ လှူရတာ လွယ်ပေမဲ့ ရေလမ်းခရီးရွာတွေက မလွယ်လှဘူး နောင်ငါးရက်လောက်ထိ မိုးမလာဘူးဆိုရင်တော့ ရေက အရမ်းခက်ခဲသွားပြီ”ဟု Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်အား ဦးဆောင်သွားရောက်လှူဒါန်းပေးသူ ဆရာတော် ရှင်ပညာလောကမှ မိန့်ကြားသည်။

Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်မှ ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ လပွတ္တာမြို့နယ်တွင် ကုန်းကြီးကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ ကန့်ဘလာကျေးရွာ၊ ရွေးစုစည်းကျေးရွာ၊ ကံဆိပ်ကျေးရွာ၊ စလူဆိပ်ကျေးရွာ၊ ပြင်ကနုကုန်းကျေးရွာ ငပုတောမြို့နယ်တွင်၊ မကျီးချိုင်ကျေးရွာ၊ ကုန်းသာယာကျေးရွာ၊ ဘိုကလေးမြို့နယ်တွင် ချောင်းဗြဲကြီးကျေးရွာ၊ သမစိတ္တကျေးရွာ၊ ခြောက်ဂငယ်ကျေးရွာ၊ လိပ်သောင်ရေကျော်ကျေးရွာ၊ လမုအုပ်ကလေးကျေးရွာ၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လမုတပင်ကျေးရွာ၊ သစ်နီဇွဲကျေးရွာ၊ ကန်စုကျေးရွာ၊ ငပုတောမြို့နယ်တွင် ဘီလူးချောင်း ကျေးရွာတို့တွင် မြေသားနှင့် ကျောက်သားရေလှောင်ကန်များ တူးဖော်လှူဒါန်းပေးထားခဲ့ပြီး သာပေါင်းမြို့နယ်တွင် မြတောင်ညိုဒေသတွင် စက်ရေတွင်း တစ်တွင်းအား တူးဖော်လှူဒါန်းပေးထား နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင်လဲ သောက်သုံးရေရှားပါးပြတ်လပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေများ လှူဒါန်းပေးနေမှုသာ မကဘဲ ကံဆိပ်ကျေးရွာနှင့် ကန့်ဘလာကျေးရွာတို့တွင် ကျေးရွာအတွင်း နေအိမ်များအရောက် ရေပိုက်များသွယ်ယူပေးကာ သောက်သုံးရေဖြန့်ဖြူးပေးခြင်းများကိုပါ လှူဒါန်းပေးထားကြောင်း သိရသည်။

 

 

 

 


READ NEXT
Cancel OK