Top News

မော်လမြိုင်မြို့သို့ ရေဖြန့်ဖြူးပေးနေသည့် ရွှေနတ်တောင်ဆည်နှင့် ကင်မွန်းချုံကန်တို့တွင် ရေအနည်းငယ်သာ ကျန်ရှိသည့်အတွက် ရေပေးဝေချိန် ပြောင်းလဲဖြန့်ဝေနေဟုဆို
24htopnews | October 23, 2024 4:12 AM CST

မော်လမြိုင်မြို့သို့ ရေဖြန့်ဖြူးပေးနေသည့် ရွှေနတ်တောင်ဆည်နှင့် ကင်မွန်းချုံကန်တို့တွင် ရေအနည်းငယ်သာ ကျန်ရှိတော့သည့်အတွက် ရေပေးဝေချိန်အား ပြောင်းလဲဖြန့်ဝေ ပေးနေရကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ ့ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ပြောကြားသည်။

“ကင်မွန်းချုံကန်မှာက လက်ရှိမှာ ရေစုပ်စက်ထိုင်ပြီးတော့ ရေစုပ်တင်ပေးနေတာ ပြီးခဲ့တဲ့ အပတ်ထဲကပါ။ တစ်ရက်ကို ရေဂါလန် လေးသိန်းလောက် စုပ်ယူပြီးတော့ ရေပေးဝေ နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွှေနတ်တောင်ဆည် တစ်ခုတည်းနဲ့ ရေပေးဝေလို့ အဆင်မပြေတော့ဘူး။ အဲဒါကြောင့် ရေရသလောက် ထုတ်ယူပေးနေရပါတယ်။ အရင်တုန်းကတော့ ကင်မွန်းချုံကန်ကနေ တစ်ရက်ကို ရေဂါလန်ကိုးသိန်း၊ ၁၀ သိန်းဝန်းကျင် ထုတ်ယူနေတယ်။ အဓိကက မော်လမြိုင်မြို့  မြိုင်သာယာရပ်ကွက် တောင်ဝိုင်းရပ်ကွက် စတဲ့ ရပ်ကွက်တွေကို ဖြန့်ဝေပေးပါတယ်။ အခုတော့ နေ့ဘက်ဆိုရင် ကင်မွန်းချုံကန်ကနေ ရေဖြန့်ဝေပေးနေသလို ညဘက်ကျတော့ ရွှေနတ်တောင်ဆည်ကရေကို အချိန်ပိုင်းနဲ့ ဖြန့်ဝေပေးနေပါတယ်။ ရေကလည်း တအားနည်းနေတော့ ရေဖြန့်ဝေနေတဲ့ပုံစံက အရင်ကလို မဟုတ်တော့ဘူး။ ရေပေးဝေတဲ့ အချိန်လည်း အပြောင်းအလဲ ရှိပါတယ်။ ရွှေနတ်တောင်ဆည်မှာ ဆိုရင်လည်း ရေများများ ကျန်နေတဲ့နေရာကို ရေစုပ်စက်ပြောင်းရွှေ့ပြီး ရေစုပ်နေရပါတယ်” ဟု ဦးတင်ကိုကိုက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဒီရက်ပိုင်းမှာတော့ ရှိတဲ့ရေကို အဆင်ပြေအောင် လုပ်ဆောင်ပေးနေရတဲ့ အတွက်ကြောင့် ပုံမှန်ရေဖြန့်ဝေချိန်မျိုးတော့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေပါတယ်။ ရေပေးချိန်ကလည်း ပြောင်းလိုက်ရပါတယ်။ အရင်တုန်းက နေ့စဉ်ရေရတဲ့ ရပ်ကွက်တွေမှာ အခုဆိုရင် တစ်ရက်ခြားပဲ ပေးနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ ရှိနေတဲ့ရေကို ထိန်းနေရတဲ့ သဘောလည်း ပါပါတယ်။ ရေလုံးဝပြတ်သွားရင် အကုန်လုံး ဒုက္ခရောက်ကုန်မှာလေ။ မိုးရွာလာပြီးတော့ ရေပြန်တက်လာရင်တော့ ပုံမှန်အတိုင်း ဖြစ်အောင်တော့ ပုံမှန်အတိုင်း ပြန်လည်ဖြန့်ဝေ ပေးသွားမှာပါ။ လောလောဆယ်တော့ နည်းနည်းလေး ထိန်းထားတဲ့သဘောပါ” ဟု ပြောကြားသည်။

မော်လမြိုင် အပါအဝင် တခြားမြို့နယ် များတွင် ထွေ/အုပ်၊ စည်ပင်ရယ်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းပြီး သောက်သုံးရေ ရှားပါးနေသည့် ရပ်ကွက်များအား  ရေဖြန့်ဝေပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက် ထားပါကြောင်း၊ မော်လမြိုင်မြို့ရှိ ရေရှားပါးနေသော ရပ်ကွက်များသို့ စည်ပင်ပိုင်ရေသယ်ယာဉ် များဖြင့် ရေဖြန့်ဝေ ပေးနေကြောင်းနှင့် မီးသတ်ဦးစီးဌာန၊ ပရဟိတ အဖွဲ့များကလည်း ရေဖြန့်ဝေ ပေးနေပါကြောင်း၊ သောက်သုံးရေ လိုအပ်ပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် သက်ဆိုင်ရာဌာနများသို့ အသိပေး အကြောင်းကြားကာ အကူအညီ တောင်းခံနိုင်ကြောင်း ဦးတင်ကိုကိုက ပြောကြားသည်။

“ပြီးခဲ့တဲ့အပတ်က စည်ပင်ဝန်ကြီးရော ဌာနဆိုင်ရာတွေရောနဲ ့ရွှေနတ်တောင်ဆည်ကို ပြုပြင်နိုင်ဖို့ ကွင်းဆင်းခဲ့ပါသေးတယ်။ ဆည်မြောင်းက ညွန်ကြားရေးမှူးကလည်း ဆည်ရေများများ သိုလှောင်နိုင်အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သက်ဆိုင်ရာ ဝန်ကြီးဌာနထံကို တင်ပြပြီးတော့ ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်” ဟု ဦးတင်ကိုကိုက ပြောကြားသည်။

“ကင်မွန်းချုံကန်ကတော့ ကျွန်တော်တို့ စည်ပင်သာယာရေး အဖွဲ့က တာဝန်ယူထားရတဲ့အတွက် ကျွန်တော်တို့အနေနဲ ့ ADB က ပညာရှင်တွေနဲ ့ကွင်းဆင်းသွားဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက ကင်မွန်းချုံကန်ကို ပြန်လည်ပြုပြင်နိုင်ရေးအတွက် နိုင်ငံခြားက ပညာရှင်တွေနဲ့ ကွင်းဆင်းပြီးတော့ တိုင်းတာစစ်ဆေးဖို့ စီစဉ်ခဲ့ပေမယ့် COVID-19 ကြောင့် သူတို့သက်ဆိုင်ရာ နိုင်ငံတွေက ပြန်လာဖို့ ခေါ်တဲ့အတွက် ပြန်သွားကျတော့ အဲဒီအစီအစဉ်က ပျက်သွားတယ်။ အခုအချိန်အထိလည်း ပြန်လာလို့ မရသေးဘူး။ အမှန်က ကျွန်တော်တို့ ဒီအချိန်မှာ ကွင်းဆင်းလေ့လာမယ်။ တိုင်းတာတွက်ချက်မှုတွေ လုပ်မယ် ဆိုပြီးတော့ လျာထားခဲ့ပါတယ်။ COVID-19 ကာလကြောင့် နောက်ဆုတ်သွားရတဲ့သဘော ဖြစ်သွားပါတယ်” ဟု ဦးတင်ကိုကိုက ဆက်လက်ပြောကြားသည်။ 

ယခုနှစ်အတွင်း မော်လမြိုင်မြို့တွင် သောက်သုံးရေ ရှားပါးမှုမှာ အဆိုးဝါးဆုံး အခြေအနေ ဖြစ်နေကြောင်း၊ ယခင်နှစ်များက ချောင်းဆုံမြို့နယ်နှင့် ပေါင်မြို့နယ်များအတွင်း အဓိကရေလှူပေးခဲ့ရသော်လည်း ယခုနှစ်တွင် မော်လမြိုင်မြို့၌ပင် သောက်သုံးရေ ရှားပါးမှု ကြုံတွေ ့နေရကြောင်း မော်လမြိုင် အရေးပေါ် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ ့ အတွင်းရေးမှူးဖြစ်သူ ကိုဇင်မိုးက ပြောကြားသည်။

“မော်လမြိုင်မှာဆိုရင် သောက်ရေက ဝယ်သောက်လို့ရတဲ့အတွက် သုံးရေကို အဓိက ထားလှူပေးနေရပါတယ်။ မော်လမြိုင်မြို့ ပေါ်မှာဆိုရင် မဟာမြိုင်၊ မုပွန်၊ ဇေယျာမြိုင်၊ ပန်းပဲတန်း၊ မရမ်းကုန်းတစ်မြို့လုံးပါပဲ။ မြို့ပေါ် ရပ်ကွက်ကြီးတွေမှာက စည်ပင်ကပေးနေတဲ့ ရေမလာတော့ရင် အရေးပေါ် သွားလှူရတာတွေ ရှိပါတယ်” ဟု ကိုဇင်မိုးက ဆက်လက်ပြောကြားသည်။

မော်လမြိုင်မြို့ပေါ်ရပ်ကွက်၂၉ ရပ်ကွက်ရှိသည့်အနက် ၂၃ ရပ်ကွက်အား မြို ့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေဖြန့်ဝေပေးနေကြောင်း၊ ရွှေနတ်တောင်ဆည်၊ ကင်မွန်း ချုံကန်၊ အတ္ထရံရေပေးဝေရေး (၁)နှင့် (၂)တို့မှ နေ့စဉ်ပုံမှန်အားဖြင့် မော်လမြိုင်မြို့သို့ ရေဂါလန် ၄ ဒသမ ၂ သန်းခန့် ရေပေးဝေလျက်ရှိကြောင်း မော်လမြိုင် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ယခုနှစ် နွေရာသီကာလအတွင်း နေ့အပူချိန် မြင့်တက်လာမှုကြောင့် ရေစု၊ ရေလှောင်ကန်များ စောစီးစွာ ရေလျော့ကျခြင်း၊ ရေခန်းခြောက်ခြင်းများ ဖြစ်ပေါ်လာသည့်အတွက် မွန်ပြည်နယ်အနှံ့ သောက်သုံးရေ ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီး မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ အစရှိသော ဌာနဆိုင်ရာများနှင့် ရေအလှူရှင်များ၊ ပရဟိတအဖွဲ့အများမှ နေ့စဉ် သောက်သုံးရေ ဖြန့်ဝေလှူဒါန်း ပေးနေရကြောင်း သိရသည်။


READ NEXT
Cancel OK