Top News

ကန်ရေခန်းခြောက်ခြင်းနှင့် စက်ရေတွင်း ချို့ယွင်းခြင်းများကြောင့် သောက်သုံးရေ လိုအပ်နေသည့် မြိုင်မြို့နယ် အိုးပြွန်ကျေးရွာသို့ Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ရေလှူဒါန်း
24htopnews | October 23, 2024 4:12 AM CST

ကန်ရေခန်းခြောက်ခြင်းနှင့် စက်ရေတွင်း ချို့ယွင်းခြင်းများကြောင့် သောက်သုံးရေ လိုအပ်နေသည့် မြိုင်မြို့နယ် အိုးပြွန်ကျေးရွာသို့ Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ မေ ၁၅ ရက်က သောက်သုံးရေ ဂါလန် ၇၀၀၀ လှူဒါန်းပေးခဲ့သည်။

မြိုင်မြို့နယ် အိုးပြွန်ကျေးရွာမှာ အိမ်ခြေ ၄၀၀ ရှိပြီး သောက်သုံးရေအတွက် စက်ရေတွင်း တစ်တွင်းသာ အားထား သုံးစွဲနေရသည့်အတွက် ယခုမေလဆန်းမှစ၍ ရေရှားပါးမှု ပြဿနာ စတင်ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်က ကန်ရေနှင့် စက်တွင်းရေအား မျှတသုံးစွဲခဲ့သော်လည်း ကန်ရေမှာ ပြီးခဲ့သည့် ဧပြီလမှစတင် ခန်းခြောက်ခြင်းနှင့် စက်ရေတွင်းတစ်တွင်း ချို့ယွင်းခြင်းများကြောင့် လက်ရှိတွင် ရေတွင်းတစ်တွင်းတည်းကိုသာ အိမ်ခြေ ၄၀၀ ကျော် မှီခိုသုံးစွဲနေရကြောင်း သိရသည်။

“အရင်ကတော့ စက်ရေတွင်းနဲ့ ဆည်ရေနဲ့ မျှပြီးသုံးတယ်။ မိုးအလျဉ်မီရင်တော့ တစ်နှစ်လုံး ရေမပူရဘူး။ ခုနောက်ပိုင်း ဆည်ရေက ကိုယ့်တစ်ရွာတည်းအတွက်တင်မက အနီးနား ရွာတွေကလည်း သုံးကြတယ်။ မိုးကလည်း မကောင်းတော့ ကန်က ရေမကျန်တော့ဘူး။ စက်တွင်းကလည်း အရင် နှစ်တွင်းရှိတာမှာ တစ်တွင်းပျက်လို့ တစ်တွင်းနဲ့ သုံးနေရတယ်။ ရေတစ်ပုံးရဖို့ အချိန်အကြာကြီး တန်းစီပြီး စောင့်ရတယ်။ ခုလို အလှူရှင်တွေ လာလှူလို့သာ ရေက အလျဉ်မီပြီး သုံးဖြစ်စွဲဖြစ်နေတာ”ဟု အိုးပြွန်ကျေးရွာမှ ကိုစိုးပိုင်က ဆိုသည်။

အိုးပြွန်ကျေးရွာအတွက် လက်ရှိမောင်းနှင်နေသည့် စက်ရေတွင်းမှာ တစ်နေ့လျှင် ၁၈ နာရီခန့် မောင်းနှင်နေရပြီး ကျေးရွာရှိ အိမ်ထောင်စုနှင့် စက်ရေတွင်း မမျှတမှုကြောင့် စက်ရေတွင်းသစ် တူးဖော်နိုင်ရန် ကြိုးစားနေရသည့် ကျေးရွာ ဖြစ်သည်။

Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ သောက်သုံးရေ ဂါလန် ၇၀၀၀ လှူဒါန်းပေးမှုကြောင့် အိုးပြွန်ကျေးရွာ မှ အိမ်ခြေ ၄၀၀ ကျော်မှာ သောက်သုံးရေ ငါးရက်စာခန့် ဖူလုံစေခဲ့ပြီး တစ်အိမ်ထောင်လျှင် ရေဂါလန် ၄၀ ခန့် ရရှိခဲ့သည်။

လာမည့် မေ ၁၆ ရက်တွင် အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ Eleven Media Group သို့ ပံ့ပိုးသည့် ရေဂါလန် ၃၀၀၀ ဆံ့ ရေသယ်ယာဉ်နှင့် ဂါလန် ၄၀၀၀ ဆံ့ ရေသယ်ယာဉ်တို့ဖြင့် ရေစကြိုမြို့နယ် မြစ်လှချောင်ကျေးရွာ၊ သိမ်ကုန်းကျေးရွာနှင့် ညောင်ဦးမြို့နယ် ကန်ကျဲတဲတိုက်တို့အား သောက်သုံးရေ ဆက်လက် လှူဒါန်းပေးမည် ဖြစ်သည်။

ပခုက္ကူဒေသတစ်ဝိုက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သော တောင်သူများမှာ မိုးဦးသီးနှံ စိုက်ပျိုးပြီးသော်လည်း မိုးမရရှိသည့်အတွက် အဆင်မပြေမှု ကြုံတွေ့ရပြီး အချို့တောင်သူများမှာ မိုးဦးသီးနှံ လုံးဝမစိုက်ပျိုးရသေးကြောင်း သိရသည်။

 


READ NEXT
Cancel OK