Top News

အာဖရိကတွင် လူသန်း ၂၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ကြောင်း WHO ခန့်မှန်း
24htopnews | October 23, 2024 4:12 AM CST

အဆောတလျင် အရေးယူဆောင်ရွက် ခြင်းမရှိပါက အာဖရိကတွင် ကိုရိုနာဗိုင်းစ်ကြောင့် တစ်နှစ်လျှင် လူ ၁၅၀၀၀၀ သေဆုံးနိုင်ခြေရှိပြီး လူ သန်း ၂၀၀ ကျော် ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ကြောင်း WHO ၏ပုံစံငယ် ထုတ် လေ့လာမှုတွင် ဖော်ပြခဲ့သည်။

မေ ၁၅ ရက်က BMJ Global Health ဂျာနယ်တွင် ဖော်ပြခဲ့သည့် ယင်းလေ့လာမှု ၏ စာတမ်းပြုစုသူများက  ဥရောပနှင့် အမေ ရိကန်ကဲ့သို့သော ကမ္ဘာ၏ အခြားနေရာများ တွင် ဖြစ်ပွားနေသည့် ဗိုင်းရပ်စ် ကူးစက်မှု နှုန်း၊ ပြင်းထန်သည့် ဗိုင်းရပ်စ်ကူးစက်နှုန်းနှင့် သေဆုံးနှုန်းထက် လျှော့၍ခန့်မှန်းခဲ့သည်။

အာဖရိကနိုင်ငံများစွာသည် ကန့် သတ်ထိန်းချုပ်မှု စီမံချက်များကို ကျင့်သုံးရန် မြန်မြန်ဆန်ဆန်လုပ်ဆောင်ခဲ့သော်လည်း ကျန်းမာရေးစနစ်များကို ရုတ်ခြည်းဖိစီးမှု ဖြစ်လာနိုင်ခြေရှိသည်ဟု ထိုစာတမ်း ပြုစုသူများက သတိပေးခဲ့သည်။

“ကန့်သတ်ထိန်းချုပ်မှုစီမံချက်တွေ  မအောင်မြင်ဘူးဆိုရင် ကျန်းမာရေးစနစ်အတွက်  အခက်အခဲဖြစ်မယ့်အတိုင်းအတာကို ကျွန်တော်တို့ရဲ့ ပုံစံထုတ် လေ့လာမှုမှာ  ထောက်ပြထားပါတယ်” ဟု စာတမ်းပြုစုသူများက ပြောကြားခဲ့သည်။

COVID-19 ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံ များ၏ ကျန်းမာရေးအရေးပေါ်အခြေအနေ အား ခြိမ်းခြောက်နိုင်မှုကို သတိပေးထားစဉ် ယင်းလေ့လာမှုစာတမ်း ထွက်ရှိခဲ့ခြင်းဖြစ် သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ယိုင်နဲ့နဲ့ ကျန်းမာ ရေးစနစ်သည် အခြားနာတာရှည်ရောဂါများ နှင့် ရုန်းကန်နေရသည်။

WHO ၏ အာဖရိကရုံးရှိ ပညာရှင်များသည် WHO ၏ ဒေသဆိုင်ရာလုပ်ပိုင်ခွင့် အရ နိုင်ငံ၄၇ နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှု ဖော်ထုတ်သည့်နှုန်းကို စံနမူနာယူခဲ့ခြင်းဖြစ် သည်။ ယင်းလေ့လာမှုတွင် ဂျီဘူတီ၊ အီဂျစ်၊ လစ်ဗျား၊ မော်ရိုကို၊ ဆိုမာလီယာ၊ ဆူဒန်နှင့် တူနီးရှားနိုင်ငံတို့ကို ချန်လှပ်ခဲ့သည်။

အာဖရိကဒေသရှိ လူဦးရေ ၂၃၁ သန်း (သို့မဟုတ်)၂၂ ရာခိုင်နှုန်းသည်  ၁၂ လတာ ကာလအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရနိုင် ခြေ ရှိပြီး ယင်းတို့ထဲမှအများစုသည် လက္ခဏာ အနည်းငယ်(သို့မဟုတ်) လက္ခဏာပြသမှု ရှိမည်မဟုတ်ကြောင်းလည်း ဖော်ပြခဲ့သည်။

လူဦးရေ ၄.၆ သန်းသည် ဆေးရုံတွင် ကုသမှုခံယူရန် လိုအပ်နိုင်ခြေရှိပြီး ၁၄၀၀၀၀ သည် COVID-19  ကူးစက်မှုကို ပြင်းပြင်းထန်ထန်ခံစားရကာ ၈၉၀၀၀ သည် အသက်အန္တရာယ် စိုးရိမ်ရသည့် နာမကျန်းမှု ဖြစ်နိုင် ခြေရှိကြောင်းလည်း ခန့်မှန်းထားသည်။

အာဖရိကတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၅၀၀၀၀ အထိသေဆုံးနိုင်ခြေရှိသည်ဟုလည်း ထိုလေ့လာမှုတွင် ဖော်ပြခဲ့သည်။ ယင်းလေ့လာမှုတွင် ဗိုင်းရပ်စ်စတင်ပျံ့နှံ့မှုမှ အတည်ပြုထားသော လူအစုလိုက်ပျံ့နှံ့မှု စတင်ခဲ့သည်အထိ တစ်နှစ်တာအတွင်း နိုင်ငံတစ်နိုင်ငံစီတွင် ဖြစ်လာနိုင်ခြေရှိမှုကို လည်း ခန့်မှန်းခဲ့သည်။

COVID-19 အတွက် ဆေးရုံတက်ရမှု မြင့်တက်ခြင်းသည် အာဖရိကဒေသတွင် HIV ၊ တီဘီ၊ ငှက်ဖျားနှင့် အာဟာရချို့တဲ့မှုကဲ့သို့သော အဓိက ကျန်းမာရေးပြဿနာများအား ဖြေရှင်းရန်အတွက် အကန့်အသတ် ရှိသော ရင်းမြစ်များကို လွှဲပြောင်းအသုံးပြု ရနိုင်ခြေရှိပြီး ကိုရိုနာဗိုင်းရပ်စ်၏ သက်ရောက်မှုကြောင့် ပိုမို ဆိုးရွားလာနိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။

အာဖရိကတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်း ပိုမိုနည်းပါးမည်ဖြစ်သော်လည်း ကျန်းမာရေးကောင်းမွန်သည်ဟု ယခင်က ထင်မှတ်ရသည့် လူငယ်အုပ်စုများထဲတွင် ပိုမိုဖြစ်နိုင်ခြေရှိကြောင်း လေ့လာမှုတွင် ဖော်ပြခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်သည် အခြားနိုင်ငံများထက် အာဖရိကတွင် နှစ်ပေါင်းများစွာကြာ ပျံ့နှံ့နိုင်မည့်အလားအလာရှိသည်ဟုလည်း ပညာရှင်များက ခန့်မှန်းခဲ့သည်။

မောရစ်သျှနိုင်ငံသည် ဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်အမြင့်ဆုံးဖြစ်ကြောင်းနှင့် ကူးစက်မှုသည် နိုင်ငံငယ်များတွင် ပိုမို များ ပြားနိုင်ခြေရှိကြောင်း ခန့်မှန်းခဲ့သည်။ အာဖရိက၏နိုင်ငံကြီးများဖြစ်သည့် တောင် အာဖရိက၊ ကင်မရွန်း၊ အယ်လ်ဂျီးရီးယား တို့သည်လည်း ကူးစက်မှုအန္တရာယ် အများ ဆုံးထိပ်တန်း ၁၀ နိုင်ငံတွင် ပါဝင်ခဲ့သည်။

မိသားစုအရွယ်အစား၊ လူဦးရေထူထပ် မှု၊ လူထု အလွယ်အတူသွားလာလှုပ်ရှားမှု မိလ္လာ စနစ်နှင့်သန့်ရှင်းရေးအလေ့အကျင့်များ အပါအဝင် နိုင်ငံတစ်နိုင်ငံစီ၏  စုစည်း ထားသည့် အချက်အလက်များကို သုတေ သနပညာရှင်များက သုံးသပ်ပြီး အန္တရာယ် ရှိမှုကို တွက်ချက်ခဲ့ခြင်းဖြစ်သည်။ ယင်း တွက်ချက်မှုတွင် ရာသီဥတုအခြေအနေ လည်း ပါဝင်ခဲ့သည်။ ပူပြင်းသည့်အပူချိန် ကြောင့် COVID-19 ပျံ့နှံ့မှု လျော့ကျခြင်း ရှိ၊ မရှိ မသိရှိရသော်လည်း လေ့လာမှုအချို့ တွင် ရာသီဥတုပူပြင်းမှုက အခြားကိုရိုနာ ဗိုင်းရပ်စ်များကိုမူ သက်ရောက်မှု ရှိကြောင်း ဖော်ပြထားသည်။

နိုင်ငံတစ်နိုင်ငံစီ၏ လူအချင်းချင်း ခွာခွာကင်းကင်းနေမှု အပါအဝင် ဗိုင်းရပ်စ်ပျံ့နှံ့ မှုအား ထိန်းချုပ်သည့် စီမံချက်များကိုလည်း သိပ္ပံပညာရှင်များက ထည့်သွင်း တွက်ချက်ခဲ့ သည်။ အသက် ၆၅ နှစ်ကျော်ရှိ လူဦးရေ အချိုးအစား၊ HIV ပျံ့နှံ့မှု၊ ကူးစက်မှုမရှိသည့် နာတာရှည်ရောဂါဖြစ်သော ဆီးချိုရောဂါ အစရှိသည့် ကျန်းမာရေးအကြောင်းအရာများကိုလည်း ၎င်းတို့က ထည့်သွင်း စဉ်းစား ခဲ့သည်။

အာဖရိကနိုင်ငံများရှိ ပင်မဆေးရုံများ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်စွမ်းကို မြန်မြန်ဆန်ဆန်မြှင့် တင်ရန် လည်း သုတေသနပညာရှင်များက တိုက်တွန်းခဲ့သည်။   

 

 


READ NEXT
Cancel OK