Top News

COVID-19 ကြောင့် ယာယီရပ်နားခဲ့သည့် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် ပြန်လည်စတင်မည်
24htopnews | October 23, 2024 4:12 AM CST

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသည်  COVID-19 ရောဂါဖြစ်ပွားနေချိန်၌ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်အစီအစဉ်ကို ဧပြီ ၁ ရက်မှ စတင်ကာ ယာယီရပ်ဆိုင်းခဲ့ရာမှ မေ ၁၃ ရက်အထိ COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေအရ ပုံမှန် ကာကွယ်ဆေးထိုး/ဆေးတိုက်အစီအစဉ်ကို ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးန ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်၏ မေ ၁၅ ရက်က ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်နှင့် ပတ်သက်၍ ပြည်သူလူထုအား အသိပေးအကြောင်းကြားခြင်း အချက်အလက်များအရ သိရသည်။

မေ ၁၈ ရက်တွင် စတင်၍ ဗဟိုအဆင့်၊ ခရိုင်အဆင့် မြို့နယ်အဆင့်ဆေးရုံများတွင် လည်းကောင်း၊ ဇွန် ၁ရက်မှစ တင်၍ မြို့နယ် အဆင့်အောက် တိုက်နယ်၊ မိခင်ကလေး၊ ဒေသန္တရ/မြို့မ/ကျေးလက်ကျန်းမာရေးဌာန များနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ/ ရပ်ကွက်/ကျေးရွာများတွင်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ သိရသည်။ ဧပြီ နှင့် မေလတွင် ကာကွယ်ဆေးမထိုးခဲ့ရသည့် ကလေးများကိုပါ ပြန်လည်ထိုးနှံတိုက်ကျွေးပေးမည်ဖြစ်ရာ ပုံမှန်ကာကွယ်ဆေးထိုးသည့်အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိစေရန် စတင်ထိုးနှံသည့်အချိန်တွင် ပြည်သူ့ဆေးရုံများနှင့် မိခင်ကလေး/ဒေသန္တရ/ မြို့မကျန်းမာရေးဌာနများတွင် ရက်သတ္တပတ် တစ်ပတ်လျှင် ငါးရက်ဖြင့် ရက်သတ္တပတ် နှစ်ပတ်ဆက်တိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ရက်သတ္တပတ် တစ်ပတ်လျှင် အနည်းဆုံး တစ်ရက်ဖြင့် ဆက်လက်ထိုးနှံတိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းအပြင် မိခင်နှင့် ကလေးကျန်းမာရေးအသိပညာပေးခြင်း၊ ကလေးအာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ တွဲဖက်ဆောင်ရွက်သွားမည် ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မွေးစအရွယ် အသက်နှစ်လ၊ လေးလ၊ ခြောက်လအရွယ်နှင့် တစ်နှစ်ခွဲအရွယ်များကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ကာကွယ်ဆေး ၁၂ မျိုးထိုးနှံတိုက်ကျွေးနေပြီး လတ်တလောကာလတွင် COVID-19 ရောဂါဖြစ်ပွားမှုရှိနေသည့် အတွက်ရပ်နားထားခဲ့ရကြောင်းသိရသည်။

ကာကွယ်ဆေးထိုးစုရပ်သို့ လာရောက်သော ကလေးမိဘအုပ်ထိန်းသူများ အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်သူ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးရမည့် နေ့ရက်၊ အချိန်နှင့် နေရာကို ရပ်ကွက်/လမ်း/ကျေးရွာ/လူအုပ်စုအလိုက် လက်ကိုင်စပီကာ/အသံချဲ့စက်ဖြင့် ကြေညာမည်ဖြစ်ပြီး မသိရှိပါက အနီးဆုံးဆေးရုံ/ ကျေး လက်ကျန်းမာရေးဌာနခွဲသို့ ဖုန်း/လူ ကိုယ်တိုင်ဖြင့် ဆက်သွယ်၍ ရက်ချိန်းယူရမည် ဖြစ်ကြောင်း၊ တစ်ရက်တွက် ကလေး ၅၀ ခန့် သာ အများဆုံးထိုးနိုင်မည်ဖြစ်၍ ကာကွယ်ဆေးထိုးရန်လာသူ ကလေး ၅၀ ဦးထက် ပိုပါက ရက်ချိန်းယူရမည်ဖြစ်ပြီး ချိန်းဆိုသည့် ရက်မှသာလာရန်၊ ကာကွယ်ဆေးထိုးစုရပ် သို့လာစဉ် နေအိမ်မှထွက်ခွာစဉ်ကတည်းက မိဘ/အုပ်ထိန်းသူသည် ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ရမည်၊ ကလေးများကို အသက်ရှူမကြပ်စေရန် ဂရုပြု၍ ကလေးမျက်နှာကာ (သို့မဟုတ်) ပုဝါ/ အနှီးအုပ်လာရမည်။ စသည့် အချက်များကို ခြွင်းချက်မရှိလိုက်နာရမည်ဖြစ်ကြောင်း သိရသည်။  

 


READ NEXT
Cancel OK