Top News

နည်းပြ ပိုချက်တီနိုနှင့် နေမာအပါအဝင် အခြား ၁၂ ဦးကို အသင်းမှဖယ်ရှားစေလိုကြောင်း ဖော်ပြမှုများကို PSG တိုက်စစ်မှူး ဘာပေ ငြင်းဆန်
24htopnews | October 23, 2024 9:12 AM CST

PSG အသင်း ကြယ်ပွင့်တိုက်စစ်မှူး ဘာပေက နည်းပြ ပိုချက်တီနိုနှင့် နေမာအပါအဝင် အခြား ၁၂ ဦးကို အသင်းမှဖယ်ရှားစေရန် ဆန္ဒရှိနေကြောင်း သတင်းဖော်ပြမှုများမှာ အတုအယောင်သာဖြစ်ကြောင်း ငြင်းဆန်ပယ်ချခဲ့သည်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေ (၂၃ နှစ်) သည် ယခုနွေရာသီတွင် PSG အသင်းနှင့် စာချုပ်ကုန်ဆုံးခဲ့ပြီး ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရထားသော်လည်း ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိသည့် သုံးနှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆို၍ အသင်း၌ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စာချုပ်ပါအချက်အလက်များကို အသေးစိတ်ထုတ်ပြန်ခြင်းမရှိသော်လည်း ဘာပေအနေဖြင့် စာချုပ်သစ်အရ ကမ္ဘာတစ်ဝန်း လစာအများဆုံး ကစားသမားဖြစ်လာသလို နည်းပြခန့်အပ်မှုနှင့် ကစားသမားခေါ်ယူမှုအပါအဝင် အရေးပါသည့် ဆုံးဖြတ်ချက်များအတွက်လည်း ပါဝင်ဆုံးဖြတ်ခွင့်ရှိကြောင်း မီဒီယာများက ဖော်ပြသည်။

ထို့ပြင် SPORTbitle သတင်းဌာနက ဘာပေသည် နည်းပြပိုချက်တီနိုနှင့် ဘရာဇီးလ်တိုက်စစ်မှူး နေမာအပါအဝင် အခြား ၁၂ ဦးကို အသင်းမှဖယ်ရှားစေရန် ဆန္ဒရှိနေကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က Twitter တွင် ဖော်ပြရာ ၎င်းက ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

ဘာပေက ယင်းဖော်ပြမှုနှင့် ပတ်သက်၍ "Fake" ဟု တစ်လုံးတည်း ရေးသားတုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး SPORTbitle သတင်းဌာနမှာလည်း ကနဦးတင်ထားသည့်သတင်းကို ပြန်ဖျက်ပစ်ခဲ့ကြောင်း သိရသည်။

နာမည်ကြီး အားကစားသတင်းဝက်ဘ်ဆိုက်ဖြစ်သည့် Goal ကလည်း ဘာပေသည် PSG အသင်း ဘုတ်အဖွဲ့ တွင် တရားဝင်ပါဝင်ခြင်းမရှိသော်လည်း ၎င်း၏ထင်မြင်သုံးသပ်ချက်များကို ဘုတ်အဖွဲ့အပါအဝင် တာဝန်ရှိသူများထံ တင်ပြခွင့်ရှိကြောင်း ဖော်ပြသည်။

ဘာပေနှင့် PSG အသင်းတို့ စာချုပ်သစ်ချုပ်ဆိုရာတွင် ဆက်လက်လုပ်ဆောင်မည့် စီမံကိန်းများနှင့်ပတ်သက်၍လည်း သဘောတူညီမှုရရှိထားပြီး ကြယ်ပွင့်ကစားသမားများအတွက် ငွေကြေးများစွာ အသုံးပြုခြင်းထက် အကယ်ဒမီအပါအဝင် လူငယ်ကစားသမားများ ဦးစားပေးခေါ်ယူရမည့်အချက် ပါဝင်ကြောင်း သိရသည်။

ပြင်သစ်သမ္မတဖြစ်သူ မက်ခရွန်ကလည်း ဘာပေ၏ အနာဂတ်ကို မဆုံးဖြတ်မီ ၎င်းနှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ပြင်သစ်နိုင်ငံ၌သာ ဆက်နေရန် အကြံပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားသည်။

"ဟုတ်ပါတယ်။ ကီယန်ဘာပေက သူ့ရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားမချသေးခင် ကျွန်တော်နဲ့ စကားပြောဖြစ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ အဲဒီလိုပြောဆို တဲ့အထဲမှာ အလွတ်သဘောနဲ့ အကြံပေးခဲ့ပါတယ်။ အဲဒါကတော့ ပြင်သစ်မှာ ဆက်နေဖို့ပါပဲ။ အလွတ်သဘောနဲ့ ရင်းရင်းနှီးနှီးမေးလာတဲ့အခါ သမ္မတတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံကိုကာကွယ်ဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ယုံကြည်ပါတယ်။ ဘယ်အပြောင်းအရွှေ့ကိုမှ ကျွန်တော် ဝင်ရောက်စွက်ဖက်တာမျိုး မရှိပါဘူး။ တခြားနိုင်ငံသားတွေလိုပဲ အားကစားနဲ့ပတ်သက်လာရင် ကျွန်တော်လည်း ပွဲကောင်းတစ်ပွဲကို ကြည့်ခွင့်ရချင်ပြီး အသင်းတစ်သင်းကိုလည်း အားပေးချင်ပါတယ်။ အထူးသဖြင့် ကိုယ်တိုင်ဆိုရင် အိုလံပစ်မာဆေးလ်အသင်းကို အားပေးပါတယ်" ဟု မက်ခရွန်က ပြောကြားသည်။

ဘာပေသည် ၂၀၁၇ ခုနှစ် နွေရာသီတွင် မိုနာကိုအသင်းမှ PSG သို့ ကနဦးအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ယူရိုသန်း ၁၈၀ ဖြင့် အပြီးသတ်ပြောင်းရွှေ့ကာ နေမာပြီးလျှင် ကမ္ဘာတစ်ဝန်း ဒုတိယပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

၎င်းသည် PSG ကစားသမားဘ၀ ငါးရာသီအတွင်း ပြိုင်ပွဲစုံ ၂၁၇ ပွဲ ကစား၊ ၁၇၁ ဂိုးသွင်းယူထားပြီး အသင်းသမိုင်းတွင် ဒုတိယဂိုးအများဆုံးအဖြစ်လည်း ရပ်တည်နေသည်။


READ NEXT
Cancel OK