Top News

ဆန်းသစ်မှုအရှိဆုံးအားကစားအသင်းအဖြစ် ရီးယဲလ်အသင်းကို ကျော်ဖြတ်၍ ဘာစီလိုနာအသင်း ရပ်တည်
24htopnews | October 23, 2024 9:12 AM CST

Sport Innovation Lab မှ ရွေးချယ်ထုတ်ပြန်သည့် ကမ္ဘာ့ဆန်းသစ်မှုအရှိဆုံး အားကစားအသင်းအဖြစ် ရီးယဲလ်အသင်းကို ကျော်ဖြတ်၍ ဘာစီလိုနာအသင်း ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါစာရင်းတွင် ဥရောပဘောလုံးကလပ်အသင်းများက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် တုန်းကကဲ့သို့ လွှမ်းမိုးနိုင်ခဲ့ပြီး ထိပ်ဆုံး (၁၉)သင်းတွင် (၉) သင်းအထိ ပါဝင်နိုင်ခဲ့သည်။

Sport Innovation Lab သည် အားကစားအသင်းများ၏ ဝင်ငွေခွဲဝေသုံးစွဲမှု၊ နည်းပညာနယ်ပယ်နှင့် ထိတွေ့ဆက်ဆံနိုင်မှု၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းများမှ တစ်ဆင့်စီးပွားရေးချဲ့ထွင်နိုင်မှု စသည့်အချက်များအပေါ်  အခြေခံ၍ ကမ္ဘာ့ဆန်းသစ်မှုအရှိဆုံးအားကစားအသင်းကို ရွေးချယ်ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးမတည်ငြိမ်မှုများ၊ လစာငွေဖောင်းပွမှုများနှင့် ရင်ဆိုင်နေရသော်လည်း နည်းပညာနယ်ပယ်များမှတစ်ဆင့် ပရိသတ်များကို ဆွဲဆောင်ခြင်း၊ Socios ဝက်ဘ်ဆိုက်မှတစ်ဆင့် Fan Token များရောင်းချခြင်း၊ eSports အသင်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ထားခြင်းတို့ကြောင့် ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း Sport Innovation Lab  က ကြေညာခဲ့သည်။

ယခုကြေညာမှုတွင် ဥရောပဘောလုံးကလပ်အသင်းများ လွှမ်းမိုးနိုင်ခဲ့သော်လည်း အခြားအားကစားနည်းမှ ကလပ်အသင်းအရေအတွက်သည် ယခင်နှစ်ကထက် ယခုနှစ်တွင် ပိုမိုများပြားလာကြောင်း သိရသည်။

အမေရိကန်ဘေ့စ်ဘောကလပ်အသင်းများဖြစ်သည့် Philadelphia 76ers နှင့် Dallas Mavericks တို့သည် ကမ္ဘာ့ဆန်းသစ်မှုအရှိဆုံးအားကစားအသင်းစာရင်း၏ထိပ်ဆုံး (၁၀)သင်းစာရင်းထဲ ဝင်ရောက်လာနိုင်ခဲ့သည်။

ကမ္ဘာ့ဆန်းသစ်မှုအရှိဆုံး အားကစားအသင်းစာရင်း၏ ထိပ်ဆုံး (၁၀)သင်းတွင်ပါဝင်ခဲ့သည့် ဥရောပဘောလုံးကလပ်အသင်းများမှာ ဘာစီိလိုနာ (အဆင့် ၁) ၊ ရီးယဲလ် (အဆင့် ၂) ၊ အာဆင်နယ် (အဆင့် ၃) ၊ မန်စီးတီး (အဆင့် ၄ )၊ မန်ယူ (အဆင့် ၆)၊ လီဗာပူးလ် (အဆင့် ၈)နှင့် ရိုးမား (အဆင့် ၁၀) တို့ဖြစ်ကြောင်း သိရသည်။

ယခုစာရင်းကို  ဥရောပထိပ်တန်းလိဂ် (၅)ခု၊ မြောက်အမေရိက အားကစားလောက၏ ထိပ်သီးလိဂ်ပြိုင်ပွဲ (၄)ခုတို့မှ အသင်းများအား  အခြေခံ၍ မှတ်တမ်းပြုစုကြေညာထားခြင်းဖြစ်သည်။


READ NEXT
Cancel OK