Top News

မသေမချင်း ကြိုးကွင်းစွပ် သတ်ရန် ဟင်္သာတခရိုင် တရားရုံး၏ သေဒဏ်အမိန့် ချမှတ်မှုအပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တစ်ပတ်အတွင်း အယူခံ တင်သွင်းနိုင်
24htopnews | October 23, 2024 7:12 PM CST

မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် ဟင်္သာတခရိုင်တရားရုံး၏ သေဒဏ်အမိန့် ချမှတ်မှုအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တစ်ပတ်အတွင်း အယူခံတင်သွင်းနိုင်ကြောင်း ဒုတိယခရိုင်တရားသူကြီးက ပြောကြားသည်။

ဟင်္သာတတက္ကသိုလ်အနီး ချစ်သူလမ်းကြား လယ်ကွင်းစပ်၌ ဖြစ်ပွားခဲ့သည့် လူသတ် အလောင်းဖျောက်မှုနှင့် ပတ်သက်၍ တရားရုံး၌ သုံးနှစ်ကိုးလကျော်ကြာ စစ်ဆေးပြီးနောက် ဇန်နဝါရီလ ၁၃ ရက်က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“စီရင်ချက် အမိန့်ချမှတ်ပြီးသည်နှင့် ၁-တရားခံသန်းဇော်ကို ၎င်းအား ချမှတ် ထားသည့်သေဒဏ်ပြစ်ဒဏ်အတွက် ခုနစ်ရက်အတွင်း ပြည်ထောင်စုတရားလွှတ်တော် ချုပ်သို့ အယူခံတင်သွင်းနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး ၎င်းအတွက် စီရင်ချက်တာ ဝန်ခံမိတ္တူမှန်တစ်စုံ ရုံးရှေ့၌ပင်ထုတ်ပေးခဲ့ပါ တယ်”ဟု ဒုတိယခရိုင်တရားသူကြီး ဦးအောင်သိန်းဦးက ဖြေကြားသည်။

ယင်းအမှုနှင့်ပတ်သက်၍ ၁-တရားခံ ကျန်းမာရေးမှူး သန်းဇော်အား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ) အရ မသေမချင်းကြိုးကွင်း စွပ်သတ်ရန်၊ ၂-တရားခံ မနှင်းပွင့်ဖြူ (ခ) နှင်း ချယ်ရီအား ရာဇသတ်ကြီးပုဒ်မ ၂၀၁ (ပထမ ပိုင်း) အရ အလုပ်နှင့် ထောင်ဒဏ်ခုနစ်နှစ် ကျခံစေရန်နှင့် ချုပ်ရက်များ ထုတ်နုတ်ခံစား ခွင့်ပြုသည့်အမိန့် ခရိုင်တရားရုံးက ချမှတ်ခဲ့ သည်။

အဆိုပါအမှုစီရင်ချက်၌ “၂-တရားခံ နှင်းပွင့်ဖြူသည် တင်ကူးကြံရွယ်ချက်ဖြင့် သန်းဇော်နှင့်အတူ အကြံတူဖြင့် ပြစ်မှုကျူးလွန်ခဲ့ ခြင်းရှိ-မရှိနှင့် စပ်လျဉ်း၍ သုံးသပ်ရလျှင် တရားလိုဘက် ထွက်ဆိုချက်များအရပင် တရားခံသည် မူလကတည်းက စိတ်ရောဂါအခံ ရှိနေပြီး ၁-တရားခံနှင့် လက်ထပ်ရန် လိုလား နေသူဖြစ်ကြောင်းပေါ်လွင်သည်။ နှင်းပွင့်ဖြူ မှာ သန်းဇော်စီစဉ်သည့်အတိုင်း လိုက်နာဆောင်ရွက်နေရကြောင်း ပေါ်ပေါက်သည်။ တရားခံ နှင်းပွင့်ဖြူ၏ ထုချေတင်ပြချက်များ အရ ၁-တရားခံနှင့်အတူ သေသူအား မည်သို့ သတ်မည်ဆိုသည့် အကြံတူရှိကြောင်း မပေါ်ပေါက်ဘဲ ၁-တရားခံက အေးနိုင်အား သတ်ရန် ဆေးထိုးအပ် ထည့်ပေးခြင်းသာဖြစ်ကြောင်း ပေါ်ပေါက်နေပေသည်။  အကယ်၍ ၁-တရားခံထည့်ပေးလိုက်သည့် ထိုးဆေးများကို သေသူ၏ အကြောထဲသို့ ထိုးသွင်းခဲ့လျှင် ၂-တရားခံကလည်း အကြံတူရှိသည်ဟု ဆိုနိုင် မည်ဖြစ်သော်လည်း အခင်းဖြစ်ရပ်တွင် ၂- တရားခံနှင်းပွင့်ဖြူသည် သေသူ၏ သွေးကြော အတွင်းသို့ ဆေးသွင်းခဲ့ကြောင်း ပေါ်လွင်မှုမရှိပေ” ဟု ဒုတိယခရိုင်တရားသူကြီး ဦးအောင်သိန်းဦးက ပြောကြားခဲ့သည်။

“အခင်းဖြစ်ရပ်မတိုင်မီက တရားခံသန်းဇော်က နှင်းပွင့်ဖြူအား ဖုန်းဆက်၍ အေးနိုင်အား သတ်ရန်၊ နှင်းပွင့်ဖြူထောင်ထဲ ရောက်သည့်အခါ ၎င်းလာတွေ့မည်ဖြစ်ကြောင်းနှင့် ထောင်မှထွက်သည့်အခါ ၎င်းဇနီးနှင့်ကွာပြီး လက်ထပ်ယူမည်ဟု ပြောဆိုခဲ့ကြောင်း၊ နင် မသတ်လျှင် ငါနင့်ကို ယူလို့လည်း မရဘူး၊ အေးနိုင်နဲ့လည်း ယူလို့မရဘူး။ ငါနဲ့ဖြစ်တဲ့အကြောင်းကိုလည်း လျှောက်ပြောမယ်ဟု ပြောခဲ့ကြောင်း၊ အေးနိုင်အား ဆေးထိုးသတ်ရန် အစီအစဉ်များကို ပြောခဲ့ကြောင်း၊ ၂၁.၂.၂၀၁၆  ရက် နေ့လယ် ၂  နာရီ CB ဘဏ် ကုန်းဆင်းရှိ အအေးဆိုင်တွင် သန်းဇော်နှင့် နှင်းပွင့်ဖြူတို့ တွေ့ဆုံစဉ် သန်းဇော်က ဆေးများ အသင့်ထည့် ထားသည့် ဆေးထိုးအပ်ကို နှင်းပွင့်ဖြူ၏ ဆလင်းဘက်အိတ်ထဲထည့်ပေးကြောင်း ပေါ် ပေါက်လျက်ရှိရာ အခင်းမဖြစ်မီက တရားခံသန်းဇော်သည် အေးနိုင်အား သတ်ရန်ကြံစည် ခြင်း၊ နှင်းပွင့်ဖြူက ဆေးထိုးသတ်ရန် စေခိုင်းခဲ့ ခြင်းများရှိကြောင်း တွေ့ရှိရကြောင်း”၊ “သေသူ ၏မျက်နှာကို အုပ်၍ကပ်ရန် တိပ်ကိုလည်း အသင့်ယူဆောင်သွားသည်ဖြစ်ရာ ၁-တရားခံ သန်းဇော်သည် စွဲချက်ပါအတိုင်း တင်ကူးကြံ ရွယ်ချက် ဖြင့် လူသတ်မှုကို ကျူးလွန်ကြောင်း ပေါ်လွင်ထင်ရှားသည်” ဟု ဒုတိယခရိုင်တရားသူကြီး ဦးအောင်သိန်းဦးက စီရင်ချက်၌ ပြောကြားခဲ့သည်။

၂-တရားခံ နှင်းပွင့်ဖြူ၏ စိတ်ကျန်းမာရေနှင့်ဆက်စပ်၍ ရာဇသတ်ကြီးပုဒ်မ-၈၄ ကင်းလွတ်ခွင့်မရနိုင်သည့် အခြေအနေအား တရားသူကြီးက “၂-တရားခံသည် အခင်းဖြစ် စဉ်က ၁-တရားခံ ဆေးထိုးခိုင်းသော်လည်း သေသူက ၎င်းင်းအား လက်ထပ်ယူမည်ဆိုသော စကားကို နှလုံးသွင်း၍ ဆေးထိုးမပေးခဲ့ခြင်း ဖြစ်ရာ တရားခံ၏ စိတ်အခြေအနေမှာ စိတ် ပေါသွပ်နေခြင်းမျိုးမဟုတ်ဘဲ ဆင်ခြင်နိုင်စွမ်း ရှိနေကြောင်း ပေါ်ပေါက်သည်။ သို့ဖြစ်၍ တရားခံသည် ရာဇသတ်ကြီးပုဒ်မ-၈၄ ၏ ကင်းလွတ်ခွင့်ကို ခံစားခွင့်မရနိုင်ပေ။ ပြစ် ဒဏ်သတ်မှတ်ရာတွင် အခင်းဖြစ်ကိစ္စနှင့်ပတ် သက်၍ ၂-တရားခံ နှင်းပွင့်ဖြူသည် သေသူ အပေါ် အသက်အန္တရာယ် ကျရောက်နိုင်သည် ကိုသိနေပါလျက် သေဘေးမှလွတ်စေရန်တား ဆီးခဲ့ခြင်းမရှိသဖြင့် ထိရောက်ဟန့်တား လောက်သော ပြစ်ဒဏ်ချမှတ်သင့်ပေသည်”၊ “၁-တရားခံက စေခိုင်းခဲ့ကြောင်း သေသူကို ဖြစ်စေ၊ သက်ဆိုင်ရာသို့ဖြစ်စေ ၂-တရားခံက ပြောကြားခဲ့ခြင်းမရှိပေ” ဟု စီရင်ချက်၌ ပြောကြားခဲ့သည်။

အလောင်းဖျောက်သည့်အခြေအနေနှင့် ပတ်သက်၍ တရားသူကြီးက”သက်သေခံ (ဒ) ဖြောင့်ချက်တွင် ကျင်းတူးပြီးနောက် ကို အေးနိုင် အလောင်းကိုအတူတူ မြှုပ်ခဲ့ကြပါ သည်ဟု ထွက်ဆိုထားကြောင်း၊ သက်သေခံ (ထ) တရားခံသန်းဇော်၏ဖြောင့်ချက်တွင် နှင်းပွင့်ဖြူနှင့် ၎င်းတို့နှစ်ဦး ပဲခင်းထဲသွား၍ ကျင်းတူးပြီးနောက် အလောင်းကို နှစ်ယောက် အတူမယူပြီး ကျင်းထဲထည့်ကာ မြေမြှုပ်ခဲ့ကြ ပါသည်ဟုထွက်ဆိုထားသည်။ တရားလိုဘက် ထွက်ဆိုတင်ပြချက်များအရ ၂-တရားခံသည် သေသူ၏အလောင်းအား မြေကြီးတူး၍မြှုပ်နှံ ရာတွင် ပါဝင်ခဲ့ကြောင်း ပေါ်ပေါက်နေသဖြင့် ရာဇသတ်ကြီးပုဒ်မ ၂၀၁ (ပထမပိုင်းအရ)ပြစ်မှုကျူးလွန်ကြောင်း သုံးသပ်တွေ့ရှိသည်”ဟု စီရင်ချက်၌ ပြောကြားခဲ့သည်။

အခင်းဖြစ်နေရာ၌ နှင်းပွင့်ဖြူ၏ ပေါင် ပေါ်၌ သေဆုံးသူအေးနိုင် ခေါင်းအုံး၍ စကား ပြောနေချိန် ၁-တရားခံသန်းဇော် အမှတ်တမဲ့ ရိပ်ခနဲရောက်လာပြီး ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း၊  ၁-တရားခံ ခေါ်ခိုင်းသည့်နေရာသို့ ခေါ်သွားခဲ့ခြင်းမဟုတ်ဟု ထွက်ဆိုထားကြောင်း၊ ၂-တရားခံနှင်းပွင့်ဖြူသည် သေဆုံး သူ အေးနိုင်နှင့်လည်း သမီးရည်းစားဖြစ်နေပြီး အခင်းမဖြစ်မီ သေဆုံးသူနှင့်အတူ သွားလာလှုပ်ရှားခဲ့ပုံများနှင့် အခင်းဖြစ်ရပ်ကို ထောက်ချင့်ပါက ၁-တရားခံနှင့်အတူ အကြံတူဖြင့် ကျူးလွန်သည်ဟု တစ်ထစ်ချဆိုနိုင်ရန် ခဲယဉ်း ကြောင်း တရားသူကြီးက စီရင်ချက်၌ ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ် မတ် ၃ ရက် နံနက် ၉ နာရီ ခွဲခန့်က ဟင်္သာတတက္ကသိုလ်အနီး ချစ်သူလမ်း ကြားနံဘေး လယ်ကွင်းစပ်၌ လယ်ပိုင်ရှင်က မသင်္ကာဖွယ်ရာ အနေအထားတွေ့ရှိခဲ့ပြီး နောက် တာဝန်ရှိသူများက တူးဖော်ရာမှ အဆို ပါလူသတ်အလောင်းဖျောက်မှုမှ လူသေ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလောင်းကို တူးဖော်တွေ့ရှိခဲ့စဉ်က အရိုးကျခါစအနေအထားရှိနေသဖြင့် မည်သူ မည်ဝါ ဖြစ်သည်ကို ခန့်မှန်းနိုင်ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှုများပြုလုပ်အပြီး ၂၀၁၆ ခုနှစ်၊ မတ် ၇ ရက်တွင်မှ မရမ်းလေးကျေးရွာ မူလ တန်းကျောင်းမှ  မူလတန်းပြဆရာ ဦးအေးနိုင် (၃၄ နှစ်၏) ရုပ်အလောင်းဖြစ်ကြောင်း ရဲတပ် ဖွဲ့က အတည်ပြုနိုင်ခဲ့သည်။

 

 


READ NEXT
Cancel OK