Top News

ရွှေပြည်သာမြို့နယ်တွင် မီတာခ လျှော့ချပေးရေးအတွက် ဖယောင်တိုင်မီးထွန်း ဆန္ဒထုတ်ဖော်
24htopnews | October 23, 2024 11:12 PM CST

ပြည်သူများ ဝန်ထုပ်ဝန်ပိုး မဖြစ်ပေါ်ရေး မီတာခတွေလျှော့ချပေး ခေါင်းစဉ်ဖြင့် ရွှေပြည်သာမြို့နယ်၌ ဩဂုတ် ၂၄ရက် ညနေ ၆ နာရီတွင် ဖယောင်းတိုင်မီးထွန်းကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

ဆန္ဒဖော်ထုတ်မှုကို ရွှေပြည်သာမြို့နယ် ၉ ရပ်ကွက် ၃ ထိပ်လမ်းဆုံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆန္ဒဖော်ထုတ်မှုကို ရွှေပြည်သာမြို့နယ်ရှိ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူ ကိုမျိုးမင်းမင်းက ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ လူအင်အား ၁၅ ဦးခန့် ပါဝင်ကြောင်း သိရသည်။

မီတာခသည် ပြည်သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ရေး ဒို့အရေး၊ မီတာခကြောင့် ကုန်စျေးနှုန်း တက်လာခြင်းများအား လျှော့ချပေး၊ အခြေခံလူတန်းစားများအတွက် ထည့်သွင်းစဉ်းစားပေးရေး ဒို့အရေး စသည့်ဆိုင်းဘုတ်များ ချိတ်ဆွဲကာ ကြွေးကြော်ခဲ့ကြသည်။

"ကျွန်တော့်အမျိုးသမီးက စျေးရောင်းတယ်။ကျွန်တော်က လောလောဆယ် အလုပ်မရှိဘူး။ကလေးအတွက် ကျောင်းစရိတ်တွေရှိတယ်။ ကျူရှင်စရိတ်တွေရှိတယ်။အဲ့ဒီမှာ မီတာခက တတ်လာတယ်။ပြီးခဲ့တဲ့လက မီတာခ တစ်သောင်းကျော်ဘဲ ကျတယ်။အခုကဆို သုံးသောင်းကျော်ဆောင်လိုက်ရတယ်။ မီတာခက ကလေးတွေကျူရှင်စရိတ်ထက်ပိုသွားတယ်။ကျူရှင်စရိတ်ကို ကျွန်တော်တို့ ဘယ်လိုသွားရှာရမလဲ။ကိုယ်တိုင်လည်း အဲ့ဒဏ်ကို မခံနိုင်သလို အခြားဝန်ထမ်း အလုပ်သမားတွေလည်း မခံစား စေလိုတဲ့အတွက် အခုလိုဆန္ဒထုတ်ဖော်ရတာဖြစ်တယ်။အစိုးရတစ်ရပ်ရပ်ကနေပြီးတော့ အကြောင်းအရာတစ်ရပ်ရပ်ကို ပြောင်းတော့မယ်ဆို နယ်မြေဒေသမှာရှိတဲ့ပြည်သူတွေရဲ့ အခြေအနေကို လေ့လာသင့်တယ်။ စည်းကမ်းတစ်ခုကို လိုက်နာနိုင်တဲ့သူရှိတယ် မလိုက်နာနိုင်တဲ့သူတွေ ရှိတယ်။ စည်းကမ်းတစ်ခုကပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မယ်ဆိုပြည်သူတွေ လိုက်နာနိုင်မှာမဟုတ်ဘူး။"ဟု ဦးဆောင်သူ ကိုမျိုးမင်းမင်းက ပြောကြားသည်။

ထို့ပြင် ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သည့် မယုသိဂီ င်္ဝင်းက "မီတာခတတ်လိုက်တော့ အခြေခံလူတန်းစားက တိုက်ရိုက်ထိတယ်။သူဌေးအတွက်က အဆင်ပြေတယ်။ကျွန်မတို့အလုပ်သမားတွေက တစ်နေ့မှ ၄၈၀၀ ရတယ်။အဲမှာ မီတာခက အိမ်မှာဆို သုံးသောင်းလောက်ကျသွားတယ်။အဲ့တော့ ၄၈၀၀ ကနေ တစ်နေ့ကို တစ်ထောင်လောက်ဖယ်နေရတဲ့ သဘောဖြစ်နေတယ်။ အဲ့မှာ ကျန်တဲ့ သုံးထောင်ကျော် လေးထောင်လောက်က မိသားစု စားဝတ်နေရေးအတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူး။"ဟု ပြောကြားသည်။

အဆိုပါဆန္ဒဖော်ထုတ်မှုအတွက် သက်ဆိုင်ရာရဲစခန်းတွင် ခွင့်ပြုမိန့် တင်ထားကြောင်း၊ မူလအစီအစဉ်မှာ ၃ လမ်းဆုံထိပ်မှ စတင်ကာ မြို့နယ် EPC ရုံးရှေ့ထိ လမ်းလျှောက်ချီတက်ရန်စီစဉ်ထားသော်လည်း ရာသီဥတုအခြေအနေကြောင့် လမ်းလျှောက်ချီတက်ခြင်းမပြုခဲ့ကြောင်း သိရသည်။

မီတာခလျှော့ချပေးရေးအတွက် ဩဂုတ်၂၂ရက်နေ့က တောင်ဒဂုံမြို့နယ်တွင် ဖယောင်းတိုင်မီးထွန်းဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK