Top News

မုတ်သုံလေ အားကောင်းနေသဖြင့် ဒေသအနှံ့အပြားတွင် မိုးများနေပြီး သုံးရက်ခန့် မိုးဆက်တိုက်ရွာနေသည့် တောင်ကုန်းတောင်တန်း ဒေသများ၌ မြေပြိုမှုများ ဖြစ်ပွားနိုင်
24htopnews | October 23, 2024 11:13 PM CST

မုတ်သုံလေ အားကောင်းနေသဖြင့် ဒေသအနှံ့အပြားတွင် မိုးများနေပြီး သုံးရက်ခန့် မိုးဆက်တိုက် ရွာသွန်းနေသည့် တောင်ကုန်းတောင်တန်း ဒေသများ၌ မြေပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

“ဒီရက်ပိုင်း မုတ်သုံအားကောင်းနေလို့ တစ်နိုင်ငံလုံး မိုးရနေတယ်။ တချို့နေရာတွေမှာ နေရာကွက်မိုးကြီးတာ၊ ဒေသအလိုက်မိုးကြီးတာ ဖြစ်နေတယ်” ဟု ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

မုတ်သုံလေ ဆက်လက်အားကောင်း နေနိုင်သဖြင့် မွန်၊ ကရင်၊ ပဲခူးတို့တွင် မိုးများလာနိုင်ကြောင်း ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

“ရေကြီးရေလျှံတာက ပြီးခဲ့တဲ့ရက်ပိုင်းလောက် မများပေမဲ့ မြစ်ငယ်ချောင်းငယ်လေးတွေမှာ ရေကြီးရေလျှံတာ ဖြစ်နိုင်တယ်။ အခုနောက်ပိုင်းမှာ တောတွေ၊ တောင်တွေ ပြုန်းလာတာတွေ၊ သဲတွေထုတ်ယူလာတဲ့ အတွက်ကြောင့် မိုးသုံးလေးရက် ဆက်တိုက်ရွာလာပြီဆိုရင် မြေပြိုမှု ဘေးအန္တရာယ်က တောင်ကုန်းတောင်တန်း ဒေသတွေမှာ သတိပြုသင့်တယ်” ဟု ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်တွင် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး အိန္ဒိယနိုင်ငံ အတွင်းသို့သာ ဝင်ရောက်နိုင်ကြောင်း ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

“မိုးကောင်းနေတဲ့အတွက် မြစ်ရေနည်းနည်းပြန်တက်မယ်။ ရွှေကျင်က နည်းလေးတက်မယ်။ စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲလောက် လိုသေးတယ်။ နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်တယ်။ ရွှေကျင်က ရေထောက်ရင် မဒေါက်က ရေပြန်တက်လာနိုင်တယ်” ဟု ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

၂၀၁၉ ခုနှစ် သြဂုတ် ၂၃ ရက် မွန်းလွဲ ၂ နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ နောက်နှစ်ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ဟု ခန့်မှန်းထားရှိကြောင်း၊  ECMWF/Global Euro HD (weather.us) မှ လေ့လာတွေ့ရှိရသော အချက်အလက်များ အရလည်း သြဂုတ် ၂၅ ရက်တွင် တောင်ငူမြို့၊ သံတောင်ကြီးမြို့၊ သိမ်ဇရပ်မြို့၊ သထုံမြို့၊ မော်လမြိုင်မြို့၊ မုဒုံမြို့၊ သံဖြူဇရပ် မြို့၊ ရေးမြို့၊ ဘားအံမြို့၊ လှိုင်းဘွဲမြို့၊ ကော့ကရိတ်မြို့၊ မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး (မိုးရေချိန် ၃ လက်မ မှ ၆ လက်မကြား) မိုးရွာသွန်း နိုင်သည်ကို လေ့လာတွေ့ရှိရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အလားတူ သြဂုတ် ၂၆ ရက်တွင်လည်း မိုးရွာသွန်းနိုင်မှု အခြေအနေ ခန့်မှန်းချက်များအရ တောင်ငူမြို့၊ သံတောင်ကြီးမြို့၊ ကျောက်တံခါးမြို့၊ မဒေါက်မြို့၊ ဝေါမြို့၊ ကျိုက်ထိုမြို့၊ သိမ်ဇရပ်မြို့၊ သထုံမြို့၊ မော် လမြိုင်မြို့၊ မုဒုံမြို့၊ သံဖြူဇရပ်မြို့၊ ရေးမြို့၊ ဘားအံမြို့၊ လှိုင်းဘွဲမြို့၊ ကော့ကရိတ်မြို့၊ မြဝတီမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျောက် ရပ်မြို့၊ ထားဝယ်မြို့၊ သရက်ချောင်းမြို့နှင့် ချောင်းဝပြင်မြို့တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး (မိုးရေချိန် ၃ လက်မ မှ ၅ လက်မကြား) မိုးရွာသွန်းနိုင်သည်ကို လေ့လာတွေ့ရှိရကြောင်း လူကယ်ပြန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် သိသာသည့် မိုးရေချိန်ပမာဏများ ရရှိနိုင်ရန် အလားအလာရှိနေသည့် မွန်-တနင်္သာရီ ကမ်းရိုးတန်း ဒေသများ အပါအဝင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ အနေဖြင့် မိုးရွာသွန်းမှု များပြားခြင်းကြောင့် ဖြစ်လာနိုင်သည့် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်း အန္တရာယ်များကိုပါ ကြုံတွေ့ရနိုင်သည်ဖြစ်ရာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည့် မိုးလေဝသ ကြိုတင် သတိပေးချက်များအပြင် မိမိတို့ပတ်ဝန်းကျင်ရှိ အခြေအနေများကိုပါ သတိပြုနေထိုင်ရန် ထုတ်ပြန်ထားသည်။

 


READ NEXT
Cancel OK