ပြည်နယ်နှင့် တိုင်းဒေသကြီးကိုးခုတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သဖြင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်းလိုက်ပြီး တင်းတင်းကျပ်ကျပ် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက သြဂုတ် ၂၄ ရက်တွင် ကျင်းပသည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် လုပ်ငန်းရှင်များ ၂၉ ကြိမ်မြောက် တွေ့ဆုံပွဲတွင် ပြောကြားသည်။
“၂၀၁၈ စက်တင်ဘာကနေ ၂၀၁၉ ဇူ လိုင်လအထိ ဖမ်းဆီးအရေးယူမှု ၇၆၃ ကြိမ်၊ ခန့်မှန်းတန်ဖိုး ၁၂ ဒသမ ၉၈ ဘီလျံ ဖမ်းဆီးနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ သို့ပေမဲ့ လည်း တချို့နေရာတွေမှာ လွတ်နေတဲ့ အနေအထား လေးတွေလည်း ရှိနေပါတယ်။ ဒါကိုလည်း ထိထိရောက်ရောက်လုပ်ဖို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒါအပြင် တရားမဝင် ကုန်သွယ်မှုတွေကြောင့် ညွှန်းကိန်းတွေ မြင့်တက်လာတာကို လျှော့ချဖို့အတွက် နိုင်ငံအဆင့်နဲ့ ဌာနအချင်းချင်းအကြား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို နိုင်ငံတော်အစိုးရက ဖွဲ့ပေးပြီးဖြစ်ပါတယ်။ ဒီလအတွင်းမှာပဲ ပထမအကြိမ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေး လုပ်ဆောင်ပြီးဖြစ်ပါတယ်။ အထူးသဖြင့်တော့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဝန်ကြီးတွေ တစ်ဦးစီ ကိုယ်စားလှယ် ပါဝင်တဲ့ဟာနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်ဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ဦးမြင့်ဆွေက ပြောကြားသည်။
၂၀၁၈ ခုနှစ် ကမ္ဘာ့တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေးအခြေအနေအညွှန်း ကိန်းအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၈၄ နိုင်ငံအနက် ၈၂ နေရာတွင် ရပ်တည်နေ ကြောင်းနှင့် မြန်မာနိုင်ငံ၏ တရားမဝင်ကုန် သွယ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာတရား မဝင်ကုန်သွယ်မှု ညွှန်းကိန်းများ မြင့်တက် လာကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားသည်။
ကမ္ဘာလုံးဆိုင်ရာ တရားမဝင် ကုန်သွယ်မှု အခြေအနေ အညွှန်းကိန်းကို အစိုးရ၏မူဝါဒ၊ ရောင်းလိုအားနှင့် ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှုရှိသည့် ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းစဉ်များ စသည့် အညွှန်းကိန်းလေးခုဖြင့် တိုင်းတာပြီး ၂၀၁၈ ခုနှစ် ကမ္ဘာ့တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အခြေအနေ အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၈၄ နိုင်ငံအနက် ၈၂ နေရာ တွင် ရပ်တည်နေပြီး ရမှတ်မှာ ၂၃ မှတ်သာ ရရှိသည်ကို တွေ့ရကြောင်း တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ The Economist Intelligence Unit က ထုတ်ပြန်ခဲ့သည့် အညွှန်းကိန်းအပေါ် ကိုးကား၍ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ နှစ်အလိုက်ကုန်သွယ်မှုကို ကြည့်ပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂၀၉ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေ ရိကန် ဒေါ်လာ ၃၃ ဒသမ ၅၃၇ ဘီလျံနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်(အောက်တိုဘာလ မှ ဇွန်လအထိ) အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၂၂၃ ဘီလျံ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုကဲ့သို့ နှစ်အလိုက် ကုန်သွယ်မှုပမာဏများ ကို လေလ့ာကြည့်ပါက ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ တိုးမြှင့်လာသော်လည်း နယ်စပ်ကုန်သွယ်မှုပမာဏ အနေဖြင့် လျော့ကျလာသည်ကို တွေ့ရကြောင်း ဦးမြင့်ဆွေက ပြောကြားသည်။
ထိုသို့ နယ်စပ်ကုန်သွယ်မှုပမာဏ လျော့ကျခြင်းသည် တရားမဝင်ကုန်သွယ်မှု မြင့်တက်လာခြင်းနှင့် ဆက်စပ်နေသည်ကို တွေ့ရပြီး၂၀၁၉ ခုနှစ် ဇွန်လအတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်ကုန်သွယ်မှု စာရင်းဇယားများကို လေ့လာရာ စုစုပေါင်း ကုန်သွယ်မှုစာရင်းမှာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ကွာဟမှု ရှိနေသည်ကို တွေ့ရှိရသည့်အတွက် တရားမဝင် နယ်စပ်ကုန်သွယ်မှုပမာဏ မည်မျှကြီးမား နေသည်ကို မှန်းဆကြည့်နိုင်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။
“အထူးအဖွဲ့တွေက အနည်းငယ်ပဲ ထိရောက်ပြီး ထိရောက်သင့်သလောက် မထိရောက်တာကို သဘောပေါက် သွားပါတယ်။ ရှေ့လျှောက်ပြီးတော့ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် ဦးဆောင်ကော်မတီလည်း ဖွဲ့ပြီးဖြစ်တဲ့အတွက် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးကို တင်းတင်းကျပ်ကျပ် ထိရောက်အောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဦးမြင့်ဆွေက ဆက်လက် ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
