Top News

အိမ်နီးချင်းနိုင်ငံအချို့တွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားနေသည့် ဝက်များကို ပြုပြင်ထုတ်လုပ် သယ်ဆောင်ရောင်းချမှုကြောင့် ရောဂါပျံ့နှံ့မှု မြင့်မားနေ၍ တရားမဝင် ရောင်းဝယ်မှုများကို မွေး/ကု တင်းတင်းကျပ်ကျပ် တားမြစ်
24htopnews | October 23, 2024 11:13 PM CST

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံအချို့တွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားနေသည့် ဝက်များကို လူအများက ပြုပြင်ထုတ်လုပ် သယ်ဆောင်ရောင်းချမှုကြောင့် ရောဂါပျံ့နှံ့မှု မြင့်မားနေ၍ တရားမဝင် ရောင်းဝယ်မှုများကို တင်းတင်းကျပ်ကျပ် တားမြစ်ထားကြောင်း  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

“လက်ရှိ အာဖရိကဝက်အပြင်းဖျားရော ဂါဖြစ်ပွားမှုရှိနေတဲ့ တရုတ်၊ ဗီယမ်နမ်နိုင်ငံတို့ကို အခြေခံ လေ့လာတဲ့နေရာမှာ ရောဂါပျံ့နှံ့ရတဲ့ အဓိကလမ်းကြောင်းတွေက လူတွေရဲ့ပယောဂ အများဆုံးပါဝင်တာကို တွေ့ ရှိရပါတယ်။ ရောဂါဖြစ်တဲ့ဝက်တွေနဲ့ သူ့ရဲ့ ဝက်ထွက်ပစ္စည်းတွေကို လူတွေက ပြုပြင် ထုတ်လုပ်ပြီးတော့ သယ်ဆောင်တာ၊ စားသုံး တာ၊ရောင်းချတာတွေကြောင့် ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ တရားမဝင် လုပ် တဲ့ကိစ္စတွေမှာ အတတ်နိုင်ဆုံး ရှောင်ရှားဖို့ အထူးသတိပေးလိုပါတယ်။ နောက်တစ်ချက်က ဝက်မွေးမြူရေးခြံတွေမှာ ဇီဝလုံခြုံမှုတွေ ကောင်းမွန်တဲ့မွေးမြူရေး ကျင့်စဉ်တွေနဲ့အညီ မွေးမြူကြဖို့လည်း လိုပါတယ်။ လိုအပ်တဲ့ အခြားရောဂါကာကွယ်ဆေးထိုးတာ တွေပိုးသတ်သန့်စင်ခြင်းလုပ်ငန်းတွေကို လည်း မွေးမြူရေးသမားတွေကလည်း ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ ကျေးလက်ဒေသတွေမှာ တောဝက်တွေနဲ့ ထိတွေ့တဲ့ နေရာတွေမှာ ရှိနိုင်တဲ့ ဝက်မွေးမြူရေး လုပ်ငန်းတွေ ရှိမယ်ဆို တောဝက်တွေနဲ့ ထိတွေ့မှုမရှိအောင် မွေးမြူကြဖို့နဲ့ သံသယဖြစ်ဖွယ် ဝက်ရောဂါ ဖြစ်ပွားမှုတွေ တွေ့ရှိမယ်ဆိုရင် ရောဂါကို အမြန်ဆုံး ထိန်းချုပ်ခြင်းအားဖြင့် ထိခိုက်ဆုံးရှုံးမှုတွေ သက်သာစေဖို့အတွက် မွေး/ကုဌာနကို ဆက်သွယ် အကြောင်းကြားပြီး ပူးပေါင်းဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိမ်းမော်က ပြောကြားသည်။

ယခုနှစ် မတ်လအတွင်းက တရုတ်နိုင်ငံတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever) ကျရောက်ဖြစ်ပွားပြီး ဝက်အများအပြား သေဆုံးခြင်းကြောင့် မြန်မာနိုင်ငံသို့ ရောဂါပိုးကူးစက်ဝင်ရောက်မှုမရှိစေ ရေး ကြိုတင်ကာကွယ်ရန်အတွက် တရုတ်နိုင်ငံနှင့် ရောဂါဖြစ်ပွားနေသောနိုင်ငံများမှ ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက် ပစ္စည်းများ မြန်မာနိုင်ငံ အတွင်းသို့ နယ်စပ်ပေါက်များနှင့် လေဆိပ်/ရေဆိပ်များမှတစ်ဆင့် သယ်ယူခြင်း၊ဝယ်ယူခြင်းနှင့် ရောင်းချခြင်း များမပြုလုပ်ရန်တားဆီးပိတ် ပင်ထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်ဆိုင်ရာ ပို့ကုန်သွင်းကုန် စစ်ဆေးထိန်းသိမ်းရေး ဌာနစိတ်မှ ထုတ်ပြန်ထားသည်။

အာဖရိက ဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြု ဆောင်ရွက်ရန်၊ ဝက်ခြံများနှင့် သားငါးစျေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ် ဆောင်ရွက်ရန်၊ ဝက်များပုံမှန်မဟုတ်ဘဲ ရုတ်တရက် သေဆုံးပါက နီးစပ်ရာမွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသို့ ချက်ချင်းသတင်းပို့ရန် အသိပေး နှိုးဆော်ထားသည်။

အာဖရိက ဝက်အပြင်းဖျား ရောဂါအား ဝက်တုပ်ကွေး၊ အာဖရိကဝက်တုပ်ကွေး အစရှိသဖြင့် ရေးသားဖော်ပြနေပြီး ယင်းသို့ လွဲမှားစွာ ရေးသားဖော်ပြမှုကြောင့် ပြည်သူလူထု အကြားတွင် ရာသီတုပ်ကွေးနှင့် လွဲမှားစွာ နားလည်ခြင်း၊ အာဖရိက ဝက်အပြင်းဖျားရောဂါသည် လူသို့ကူးစက်စေနိုင်မည်ဟု စိုးရိမ်ပူပန်ခြင်း၊ ထိရောက်သော ရောဂါကာကွယ်ရေးများ မလုပ်ဆောင်နိုင်ခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်စေခြင်းကြောင့် ထိုကဲ့သို့ ရေးသားဖော်ပြမှုများကို ရှောင်ရှားရန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း နီးစပ်သည့် တရုတ်နိုင်ငံအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever) ဖြစ်ပွားမှုကြောင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများကို ရောဂါကူးစက်ခံရနိုင်မှု အန္တရာယ် အမြင့်မားဆုံးနိုင်ငံများအဖြစ် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က သတ်မှတ်ထားကြောင်းနှင့် ပတ်ဝန်းကျင်တွင် သံသယဖြစ်ဖွယ် တရားမဝင် အသားထုတ်လုပ်မှုနှင့် ရောင်းချမှုများ တွေ့ရှိပါက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။                                      

 


READ NEXT
Cancel OK