Top News

NLD ပါတီဝင် မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အား အင်းသက်တမ်းတိုးသည့် ကိစ္စတွင် ငွေကြေးတောင်းခံမှုကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
24htopnews | October 23, 2024 11:13 PM CST

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအား အင်းသားကြီးများထံမှ လာဘ်ငွေတောင်းယူမှုဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သြဂုတ် ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် မိုးညိုမြို့နယ်အတွင်းရှိ အင်းသားကြီး ကိုးဦးအား နောက်ထပ် အင်းသက်တမ်းသုံးနှစ်ကြေးတိုင်ရအောင် တာဝန်ယူဆောင်ရွက်ပေးမည်ဟုပြောကြား၍ ငွေကြေးများတောင်းယူပြီး ကိုယ်ကျိုးအလွဲသုံးခြင်းပြုလုပ်ခဲ့သဖြင့် ဦးကျော်မျိုးမင်းအား စစ်ဆေးအရေးယူပေးပါရန် ကော်မရှင်က တိုင်ကြားစာလက်ခံရရှိခဲ့ကြောင်း၊ အဆိုပါတိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာတွင် ပဲခူးတိုင်းဒေသကြီး၊ မိုးညို မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို စီမံခန့်ခွဲရေး တာဝန်ဖြစ်သော အင်းလေလံပစ်ရာတွင် ကြီးကြပ်ဆောင်ရွက်ခဲ့စဉ် ၂၀၁၇ ခုနှစ် မတ်လအတွင်းက ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ကြေးတိုင်အင်းသက်တမ်းတိုးလျှောက်ထားသည့် အင်းများနှင့်ပတ်သက်၍ အင်းသားကြီးများထံမှ ကျပ် ၃၅ သိန်းနှင့် ကျပ် ၃၂ သိန်း တို့ကို နှစ်ကြိမ်တောင်းခံရယူခဲ့သည်ဟု ပေါ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့မရဲစခန်း၌ သြဂုတ် ၂၃ ရက်တွင် ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်သည်။

ယင်းကဲ့သို့ အရေးယူမှုနှင့် ပတ်သက်၍ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က “ကျွန်တော်တို့ ACC က သတင်းထုတ်ပြန်တာကို သိပြီးပါပြီ။ သူ (ဦးကျော်မျိုးမင်း) က တိုင်ကြားစာ သုံးခုလောက်ရှိတယ်။ အကုန်လုံးကိုတော့ မစစ်ဆေးဘူး။ (သူ့ကို ပါတီက ထုတ်ပယ်ထားတာလား) သူ့ကို သတိတော့ပေးထားတယ်။ ဒီကိစ္စကိုတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို လွှဲထားတယ်။ ကျွန်တော်တို့က သံသယရှိရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို လွှဲပါတယ်” ဟု ပြောကြားသည်။         


READ NEXT
Cancel OK