Top News

ခန္တီးမြို့နယ် အရှေ့ကောက်တောင်းကျေးရွာထိပ် မြစ်ကမ်းပါးပြိုကျမှု စိုးရိမ်ရသဖြင့် ရွာသားများက ကိုယ်ထူကိုယ်ထ ကမ်းထိန်းနံရံပြုလုပ်နေရ
24htopnews | October 24, 2024 1:12 AM CST

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် အရှေ့ကောက်တောင်းကျေးရွာထိပ် မြစ်ကမ်းပါး ပြိုကျမှုစိုးရိမ်ရသဖြင့် ရွာသားများက ကိုယ်ထူကိုယ်ထကမ်းထိန်းနံရံ ပြုလုပ်နေရကြောင်းသိရသည်။

အရှေ့‌ကောက်တောင်းကျေးရွာ ရွာထိပ်ရှိ ချင်းတွင်းမြစ်ကမ်းပါးသည် နှစ်စဉ်ကမ်းပါး ပြိုကျမှုဖြစ်ပွားပြီး ယခုနှစ်တွင် ကမ်းပါးပြိုကျမှုမှာ လူနေအိမ်များနှင့်နီးကပ်လာပြီး စိုးရိမ်ရသဖြင့် ကျေးရွာသားများက ကိုယ်ထူကိုယ်ထ ကမ်းထိန်းနံရံပြုလုပ်နေကြကြောင်း ကျေးရွာသားတစ်ဦး၏ ပြောကြားချက်အရသိရသည်။

“ကမ်းက နှစ်တိုင်းပြိုတယ်။ ဒီနှစ်တော့ လူနေအိမ်နဲ့အတော်နီးကပ်လာပြီး စိုးရိမ်ရတာနဲ့ ကျေးရွာသားတွေစုပြီး ကိုယ်ထူကိုယ်ထ ကမ်းထိန်းနံရံလုပ်ကြတာ။ တောထဲကသစ်တွေခုတ် တိုင်စိုက်ပြီး ပျဉ်ချပ်တွေနဲ့ ခြံခတ်သလို လုပ်မှာပေါ့။ ပြီးမှ အဲဒီထဲမှာ ကျောက်အိတ်၊ သဲအိတ်တွေ ချထားလိုက်မှာ။ ရေကြီးပြီးပြန်ကျသွားရင်လည်း အဲဒီခြံထဲမှာ နုန်းတွေကအနည်ထိုင်ပြီး ကျန်ခဲ့တော့ ကမ်းပါးတဖြည်း ဖြည်းပြန်ပြည့်လာတာပေါ့။ ဒီဘက်မှာတော့ ရွာအများစု ကမ်းပြိုရင် ဒီလိုနည်းနဲ့ပဲ ကိုယ်ထူကိုယ်ထကမ်းထိန်းနံရံလုပ်ကြတာ။ အဲဒီနည်းက ကမ်းပြိုတာ အတော်လေးသက်သာတယ်” ဟု အရှေ့ကောက်တောင်း ကျေးရွာသားတစ်ဦးက ပြောကြားသည်။

ခန္တီးမြို့နယ် ချင်းတွင်းမြစ်ကမ်းပါးအနီးရှိ ကျေးရွာအချို့သည် ကမ်းပြိုကျမှုကို နှစ်စဉ်ရင်ဆိုင်နေရပြီး ကိုယ်ထူကိုယ်ထရေထိန်းနံရံများ ပြုလုပ်ပြီး ကမ်းပြိုမှုကို ကာကွယ်နေကြရကြောင်း သိရသည်။

 


READ NEXT
Cancel OK