Top News

ကချင်ပြည်နယ် တနိုင်းနှင့် ဝိုင်းမော်ဒေသတွင် တစ်ပတ်အတွင်း ဘိန်းခင်း ၁၇၅ ဧကကျော် ဖျက်ဆီး
24htopnews | October 24, 2024 1:12 AM CST

ကချင်ပြည်နယ် တနိုင်းနှင့် ဝိုင်းမော်ဒေသတွင် တစ်ပတ်အတွင်း ဘိန်းခင်း ၁၇၅ ဧက ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။

ဇန်နဝါရီ ၂၂ ရက်မှ စတင်ကာ တနိုင်းဒေသနှင့် ၀ိုင်းမော်မြို့နယ် ဆဒုံး၊ ဝေမိုး၊ ကန်ပိုင်တည်ဒေသတို့တွင် ဘိန်းခင်းများဖျက်ဆီး နေခြင်းဖြစ်သည်။ ဇန်နဝါရီ  ၂၈ ရက်အထိ ၀ိုင်းမော်မြို့နယ်တွင် ၁၀၅ ဧကခန့်နှင့် တနိုင်းမြို့နယ်တွင် ၇၀ ဒသမ ၅ ဧကကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ  ဒုရဲမှူးကျော်ဇင်က ပြောကြားသည်။

၎င်းက “ကချင်ပြည်နယ်မှာတော့ တပ်၊ ရဲ၊ အခြားဝန်ထမ်းနှစ်ဖွဲ့ခွဲပြီး တစ်ပတ်အတွင်းမှာ ဧကပေါင်း ၁၇၅ ဒသမ ၅ ဧက ဖျက်ဆီးနိုင်ပါတယ်။ ၀ိုင်းမော်မြို့နယ်မှာတော့ ဘိန်းစိုက်ပျိုးတာက ခန့်မှန်း ၁၀၂ ဧကရှိတယ်။ တနိုင်းမှာတော့ ၃၀ ဧကမှန်းတယ်။ တွေ့ရင်ဖျက်လာတာပေါ့။ ဖေဖော်ဝါရီလဆန်းပိုင်းအထိ ကြာပါမယ်။ တနိုင်းဘက်ကတော့ သွားရတဲ့နေရာကဝေးလွန်းတော့ ရက်ကြာနိုင်တယ်။ အခြားနေရာတွေမှာ ဘယ်နေရာစိုက်ပျိုးသလဲဆိုတာ သတင်းမရသေးဘူး” ဟု ဆိုသည်။

လက်ရှိတွင် မြစ်ကြီးနားမြို့ ဘိန်းတစ်ဟောင် (နှစ်ကျပ်ခွဲသား) မှာ ကျပ် ၃၅၀၀၀ မှ ကျပ် ၅၀၀၀၀ စျေးပေါက်နေပြီး ရှမ်းပြည်နယ်မှ တင်သွင်းလာသည့်ဘိန်းများလည်း ရှိနေကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုကို စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး လေးလအကြာတွင် ဘိန်းခြစ်ယူသည့်လုပ်ငန်း လုပ်ကိုင်နေခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း တပ်မတော်နှင့် ကေအိုင်အေတို့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးမှု ရုတ်တရက်မြင့်တက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

ဘိန်းဖျက်ဆီးသည့် ဧကများလည်း နှစ်စဉ်တက်လာခဲ့ကြောင်း သိရပြီး ၂၀၁၂-၁၃ ဘိန်းစိုက်ရာသီတွင်  ၆၁၈ ဧက၊ ၂၀၁၃-၁၄ ခုနှစ်တွင် ၄၉၂ ဧက၊၂၀၁၄-၁၅ ခုနှစ်တွင် ၁၃၂၂ ဧက၊ ၂၀၁၅-၁၆ ခုနှစ်တွင် ဘိန်းစိုက်ဧက ၃၈၀၇ ကျော်၊ ၂၀၁၆-၁၇ ခုနှစ်တွင်  ၆၉ ဧကကျော်၊ ၂၀၁၇- ၁၈ ခုနှစ်တွင် ၁၆၀ ဧက ကျော်၊ ၂၀၁၈- ၁၉ ခုနှစ်တွင် ၃၁၁ ဧကကျော်၊ ၂၀၁၉-၂၀ ခုနှစ်တွင် ၁၈၄ ဧကကျော် ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်က တရုတ်နိုင်ငံနယ်စပ်မှ ဘိန်းခင်းကိစ္စရပ်များနှင့်ပတ်သက်ပြီး ရေတို၊ ရေရှည်စီမံကိန်းများ ရေးဆွဲထောက်ပံ့ရန် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် အရေးကြီးအဆိုတင်သွင်းခဲ့ပြီး ယင်းအဆိုမှာ အောင်မြင့်ခဲ့သော်လည်း အစိုးရဘက်က အကောင်အထည်ဖော်မှုမရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယအများဆုံးစိုက်ပျိုးသော နိုင်ငံအဖြစ်ရပ်တည်နေပြီး ၁၉၉၉ ခုနှစ်မှ စတင်ကာ မူးယစ်ဆေးဝါးပပျောက်မှုစီမံကိန်း ၁၅ နှစ်ကို ချမှတ်ခဲ့သော်လည်း မအောင်မြင်သဖြင့် နောက်ထပ် ငါးနှစ်ထပ်ပေါင်းကာ ၂၀၂၀ အထိ ငါးနှစ်တိုးမြှင့်ထားခဲ့သည်။

ကချင်ပြည်နယ်တွင် မြို့နယ် ၁၀ မြို့နယ် တွင် ဘိန်းစိုက်ပျိုးမှုများရှိနေပြီး ကန်ပိုက်တည်ဒေသ၊ ဆဒုံးဒေသ၊ တနိုင်းဒေသ၊ ဖားကန့်ဒေသ၊ ပန်ဝါဒေသ၊ ချီဖွေဒေသ၊ ဗန်းမော်ခရိုင်၊ ဆွမ်ပရာဘွမ်ဒေသနှင့် ပူတာအိုခရိုင်တို့တွင် အများဆုံးစိုက်ပျိုးနေကြောင်း သိရသည်။

 


READ NEXT
Cancel OK