Top News

တွံတေးမြို့နယ်ရှိ အမှုန်အမွှားများ၊ အနံ့အသက်ဆိုးများ ထွက်နေသည့် ဓာတ်မြေသြဇာစက်ရုံကို ယာယီပိတ်သိမ်းခိုင်းထားပြီး ပြန်လည်ပြုပြင်ပြီးမှသာ ဖွင့်လှစ်ခိုင်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီး ပြောကြား
24htopnews | October 24, 2024 1:12 AM CST

တွံတေးမြို့နယ်ရှိ အမှုန်အမွှားများ၊ အနံ့အသက်ဆိုးများ ထွက်နေသည့် ဓာတ်မြေသြဇာစက်ရုံကို ယာယီပိတ်သိမ်းခိုင်းထားပြီး ပြန်လည်ပြုပြင်ပြီးမှသာ ဖွင့်လှစ်ခိုင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

ဝန်ကြီးဒေါ်မိုးမိုးစုကြည်သည် ဇန်နဝါရီ ၂၇ ရက်တွင် မြန်မာရွှေနဂါး ဓာတ်မြေသြဇာစက်ရုံသို့ ကွင်းဆင်းလေ့လာ ခဲ့ပြီးနောက် ထိုကဲ့သို့ ဆောင်ရွက်ခံခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်တွင်လည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း ယင်းနေရာသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

“အနံ့က ဆိုးဆိုးဝါးဝါးနံနေတယ်။ အမှုန်လည်း တကယ်ကို ထွက်နေတယ်။ ဒါက ဘာကြောင့်လဲဆိုရင် သက်ဆိုင်ရာ ဌာနတွေရဲ့ စိစစ်ချက်တွေအရရော၊ ကိုယ်တိုင် မြေပြင်ကိုသွားတဲ့အခါ ဒါကတော့ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အမတို့က အဲဒီနေ့ထဲက စက်ရုံကိုပိတ်ထားဖို့ နည်းပညာတွေအရ အမှုန်အနံ့ပျောက်အောင်၊ နည်းပညာတွေ အများကြီးရှိပါတယ်။ ပြုပြင်ပြင်ဆင်ပြီးမှ ကျေးရွာသူ၊ ကျေးရွာသားတွေကို ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်ပေးဖို့ လမ်းညွှန်ခဲ့တယ်။ ဒီအပြင်ကိုမှ ဝန်ကြီးချုပ်ကြီးရဲ့ ကတိအတိုင်း ဇန်နဝါရီ ၂၉ ရက်မှာ အဲဒီနေရာကို သွားပါတယ်” ဟု ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

ထို့ပြင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လမ်းညွှန်ချက်သည် စက်ရုံကို လက်တလော ပိတ်သိမ်းထားပြီး စက်လည်ပတ်ခြင်း၊ ထုတ်ပိုးခြင်းများ လုံးဝမပြုလုပ်ရန် မှာကြားခဲ့ကြောင်း ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

“ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လမ်းညွှန်မှာကြားခဲ့ပြီး ဖြစ်ပါတယ်။ စက်ရုံရဲ့ ဝင်ပေါက်၊ ထွက်ပေါက်၊ သူ့ရဲ့ အဆောင်ကြီးကို လုံခြုံရေး စည်းခတ်ထားဖို့၊ သက်ဆိုင်ရာခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနဲ့ ခရိုင်မြို့နယ် ရဲတပ်ဖွဲ့များ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်” ဟု ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

တွံတေးမြို့နယ် လှိုင်သာယာ-မအူပင် ကားလမ်းနံဘေးရှိ ရွှေနဂါးဓာတ်မြေသြဇာ စက်ရုံမှ ထွက်ရှိသော အနံ့ဆိုးများ၊ အမှုန်များကြောင့် စက်ရုံပိတ်သိမ်းပေးရန်အတွက် ဒေသခံများ ဇန်နဝါရီ ၂၆ ရက်တွင် ဝန်ကြီးချုပ်ထံ သွားရောက် တောင်းဆိုကြောင်း သိရသည်။

ဒေသခံများဘက်မှ လိုက်ပါကူညီပေးသည့် ကိုရဲဝင်းထွဋ်က ပြည်သူတင်ထားသည့် အစိုးရဖြစ်သည့်အတွက် ရွာသားများ အနေဖြင့် အခြေခံရပိုင်ခွင့်ကို တောင်းဆိုခြင်းဖြစ်ကြောင်း၊ စက်ရုံသည် အရေးကြီးသည့် လိုင်စင်များ မရှိဘဲ လည်ပတ်နေခြင်း ဖြစ်ကြောင်း၊ အစိုးရအနေဖြင့်လည်း နောင်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ရင်းနှီးမြှပ်နှံမှုများကိုသာ ဖိတ်ခေါ်သင့်ကြောင်း ပြောကြားသည်။

ယင်းကဲ့သို့ ဒေသခံများမှ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအဖွဲ့ရှေ့သို့ လာရောက်ခဲ့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဒေသခံများနှင့် တွေ့ဆုံပြီး စက်ရုံသို့ စစ်ဆေးမည်ဟု ကတိကဝတ် ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွံတေးမြို့နယ် လှိုင်သာယာ-မအူပင် ကားလမ်းနံဘေးရှိ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံကို ခွင့်ပြုသည့် စာချုပ်ထဲတွင် ပစ္စည်းတင်ချခြင်းနှင့် သိုလှောင်ခြင်းစသော လုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ပြုခဲ့သော်လည်း  ရေအရင်းအမြစ်ဌာနမှ ဝင်ရောက် စစ်ဆေးရာတွင် စာချုပ်ပါ အချက်များထက် ကျော်လွန်၍ ရောစပ်ထုတ်ပိုးခြင်းများ တွေ့ရှိရသည့်အတွက် ထုတ်ပိုးခြင်း မပြုလုပ်ရန် ရပ်ဆိုင်းတားမြစ်ထားကြောင်း ဇန်နဝါရီ ၂၀ ရက်တွင် ရေအရင်းအမြစ်ဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်က ပြောကြားသည်။

အဆိုပါ စက်ရုံမြေနေရာကို ရေအရင်းအမြစ်ဌာနမှ တစ်နှစ်လျှင် သိန်း ၆၀၀ ဖြင့် ငှားထားခြင်းဖြစ်ပြီး နယ်ကျော် ခွင့်ပြုချက်များလည်း ရှိကြောင်း တွံတေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦး၏ ပြောကြားချက်အရ သိရသည်။

ယင်းစက်ရုံမှ ထွက်ရှိသော အနံ့ဆိုးနှင့် အမှုန်များကြောင့် ပတ်ဝန်းကျင် ပျက်စီးသည် ဟုဆိုကာ ဒေသခံများက စက်ရုံပိတ်သိမ်းရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံ စတင်တည်ဆောက်ချိန်တွင် သိုလှောင်ရုံ ဆောက်လုပ်သည် ဟုဆိုကာ ဆောက်လုပ်ခဲ့ပြီး ဖွင့်လှစ်သည်မှာ နှစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK