Top News

မြန်မာနိုင်ငံရှိ ကုမ္ပဏီများတွင် ရာခိုင်နှုန်း ၆၀ သည် စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍ၌ တည်ရှိနေပြီး အဆိုပါ လုပ်ငန်းများ၏ ငါးရာခိုင်နှုန်းအောက်သာ ရေဆိုးသန့်စင်မှုနည်းစနစ်ကို အသုံးပြုနေ
24htopnews | October 24, 2024 1:12 AM CST

မြန်မာနိုင်ငံရှိ ကုမ္ပဏီများတွင် ၆၀ ရာ ခိုင်နှုန်းသည် စားသောက်ကုန်နှင့် အဖျော်ယမကာ ကဏ္ဍတွင် တည်ရှိနေပြီး အဆိုပါ လုပ်ငန်းများ၏ ငါးရာခိုင်နှုန်းအောက်သာ ရေဆိုးသန့်စင်မှုစနစ်ကို အကောင်အထည်ဖော် အသုံးပြုနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFPEA) မှ သိရသည်။

“အစားအသောက်နှင့် အဖျော်ယမကာ လုပ်ငန်းတွေက စက်မှုဝန်ကြီးဌာနမှာ Register လုပ်ထားတဲ့ စက်ရုံအားလုံး အလုပ်ရုံတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ ကျွန်တော်တို့ရဲ့ စားသောက်ကုန်နဲ့ အဖျော်ယမကာ လုပ်ငန်းတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာလည်းပဲ ငါးရာခိုင်နှုန်းအောက်သာ ရေဆိုးသန့်စင်ခြင်း လုပ်ငန်းဆောင်ရွက်တာလည်း မှန်ပါတယ်။ ရေဆိုးသန့်စင်ခြင်းလုပ်ငန်း ဆိုလိုချင်တာက ရေဆိုးသန့်စင်ခြင်း လုပ်ငန်းမကပါဘူး။ စက်ရုံတွေက မိမိတို့ရဲ့ လုပ်ငန်းအလိုက် ပတ်ဝန်းကျင်ကို ထိခိုက်နိုင်ခြေတွေ အမျိုးမျိုးရှိတယ်။ ပထမတစ်ချက်က ရေဆိုးသန့်စင်ခြင်းလုပ်ငန်း ဖြစ်သလို အနံ့တွေ၊ အစိုင်အခဲတွေကနေ ပြီးတော့ လေထုညစ်ညမ်းတာတွေအားလုံး ဖြစ်နိုင်တယ်။ ဖြစ်နိုင်တဲ့အခါ ဒီလုပ်ငန်းတွေက အကြောင်း အမျိုးမျိုးကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်တယ် တကယ်တမ်းတော့ ဥပဒေအရ ၂၀၁၅ ခုနှစ်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ National gui deline တွေအားလုံး နိုင်ငံတော်ဘက်က တာဝန်ကျေစွာ ထုတ်ပြန်ထားပါတယ်။ သို့သော်လည်းပဲ ဒီလုပ်ငန်းတွေ ပတ်ဝန်းကျင်ကို မထိခိုက်အောင် လုပ်တဲ့အခါမှာ ဘာတွေလိုအပ်လာလဲဆိုရင် နည်းပညာ လိုအပ်တယ်” ဟု မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFPEA) ဒုတိယဥက္ကဌ ဦးစိန်သောင်းဦးက ပြောကြားသည်။

နည်းပညာ အနေဖြင့်လည်း ၎င်း၏ပစ္စည်း အမျိုးအစားအလိုက်၊ စားသောက်ကုန်လုပ်ငန်း အမျိုးအစားအလိုက် နည်းပညာများ မတူညီကြောင်း အချို့စားကုန်များ အနေဖြင့် နည်းပညာ လွယ်ကူသော်လည်း အချို့ စားသောက်ကုန်များသည် ခက်ခဲမှုရှိကြောင်း ၎င်းကပြောကြားသည်။  

အဓိကအချက်အနေဖြင့် နည်းပညာ အခက်အခဲရှိကြောင်းနှင့် နည်းပညာမှန်ကန်စွာ ရရှိရန်အတွက်လည်း အလွန်အရေးကြီးပြီး နိုင်ငံတော်မှ ဥပဒေတစ်ခု ထုတ်ပြန်ပါကလည်း လုပ်ငန်းရှင်များကလည်း မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“နံပါတ်(၁) အခက်အခဲက နည်းပညာ အခက်အခဲ ရှိပါတယ်။ နည်းပညာကို မှန်မှန်ကန်ကန် ရရှိဖို့ကလည်း အင်မတန် အရေးကြီးပါတယ်။ နိုင်ငံတော်က ဥပဒေတစ်ခုထုတ် ပြန်တယ်ဆိုရင် လုပ်ငန်းရှင်တွေကမဖြစ်မ နေလိုက်နာဆောင်ရွက်မှာပါ။ လိုက်နာ ဆောင်ရွက်တဲ့အခါ သူတို့အနေနဲ့ လိုအပ်တဲ့ နည်းပညာတွေကို ကုမ္ပဏီတွေကနေပြီးတော့ ပေးဖို့ရှိပါတယ်။ သို့သော်ပေးတဲ့ ကုမ္ပဏီတွေက မှန်ကန်ရင် လုပ်ငန်းရှင်တွေ အတွက်မထောင်းသာပေမယ့် မမှန်ကန်ခဲ့ ရင် ဒီနည်းပညာတွေက သူတို့အတွက်ငွေ ကုန်ကြေးကျများမယ်။ အချိန်တွေပိုပြီးကုန် ဆုံးသွားမယ် ဒီတစ်ခုရှိတယ်။ နောက်တစ်ခု က ဒီလုပ်ငန်းတွေအတွက်က ရင်းနှီးမြှုပ်နှံမှု လုပ်ရတယ်။ ဒီရင်းနှီးမြှုပ်မှုတွေက ဥပမာအားဖြင့် စားသောက် ကုန်ထုတ်တဲ့လုပ်ငန်းမှာ ကိုယ်ကနေ ရင်းနှီးမြှုပ်နှံလိုက်ရင် ဒီရင်းနှီးမြှုပ်နှံမှုပေါ် မူတည်ပြီး ဝင်ငွေတွေကရရှိတာပေါ့။ လုပ်ငန်းရှင်တွေဘက်မှာလည်း ဘာပြဿနာရှိလည်း ဆိုတော့ ဒီလုပ်ငန်းတွေကို ဥပမာအားဖြင့် နည်းပညာမှန်တွေရမယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လိုက်ပြီးတော့ ကိုယ်ကတော့လုပ်ပြီး ကျန်တဲ့သူတွေက မလုပ်ဘူး ဆိုလိုချင်တာက အားလုံးပါဝင်မှု။ လုပ်တဲ့လူကလုပ်မယ်။ မလုပ်တဲ့သူက မလုပ်ဘူးဆိုရင် လုပ်တဲ့သူတွေက ပြိုင်ဆိုင်မှုအတွက် အင်မတန် နစ်နာတယ်။ ရင်းနှီးမြှုပ်မှုလည်း နစ်နာတယ်။ သူများနဲ့ ယှဉ်ပြိုင်တဲ့အခါ ကုန်ကျစရိတ်တွေ မယှဉ်ပြိုင်နိုင်ရင် စျေးကွက်တွေ နစ်နာတာပေါ့။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ စားသောက်ကုန် လုပ်ငန်းတွေက အဓိက အခက်အခဲ သုံးခုဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုရယ်၊ နည်းပညာရယ်၊ အားလုံးပါဝင်မှုဆိုတဲ့ အခန်းကဏ္ဍက လောလောဆယ် တွေ့နေရတဲ့ အခက်အခဲ” ဟု ၎င်းက ပြောကြားသည်။

အဓိက လိုအပ်သည့် မှန်ကန်သည့် နည်းပညာရရှိရန် နိုင်ငံခြားပညာရှင်များ လိုအပ်သကဲ့သို့ လက်ခံရန်အတွက် ပြည်တွင်းပညာရှင်များလည်း လိုအပ်ကြောင်း ၎င်းကပြောကြားသည်။

ယင်းအခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့နှင့် ဆွေးနွေးခဲ့ပြီး နည်းပညာတက္ကသိုလ်ရှိ ဓာတုအင်ဂျင်နီယာဌာနမှ ပါမောက္ခများ ဆရာ၊ ဆရာမများမှ ယင်းနည်းပညာများကို လက်ခံ၍ ဖြန့်ဝေခြင်းအားဖြင့် အရေးကြီးသည့် နည်းပညာ အခက်အခဲကို တစ်ဖက်တစ်လမ်းမှ ပြည့်စုံသွားမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ရရှိရန် အတွက်လည်း WWF ၏ သဘာဝ ပရောဂျက်မှ မိတ်ဖက်ဘဏ်များနှင့် ချိတ်ဆက်၍ မှန်မှန်ကန်ကန် ရင်းနှီးမြှုပ်မှုရရှိရန် ဆောင်ရွက်နေပြီး အားလုံးပါဝင်မှု အခန်းကဏ္ဍအတွက် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ နိုင်ငံတော် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နည်းမျိုးစုံဖြင့် ကြိုးစားနေကြောင်း ၎င်းကပြောကြားသည်။

 


READ NEXT
Cancel OK