Top News

ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါလာသော တရုတ်နှင့် စင်ကာပူနိုင်ငံမှ ပြန်လာသူသုံးဦးတွင် COVID-19 ပိုး ထပ်မံတွေ့ရှိခဲ့ပြီး လက်ရှိ ပြည်ပပြန် ၁၈၀ ကျော်တွင် ပိုးတွေ့ရှိထား
24htopnews | October 24, 2024 1:12 AM CST

ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါလာသော တရုတ်နှင့် စင်ကာပူနိုင်ငံမှ ပြန်လာသူ သုံးဦးတွင် COVID-19 ပိုး ထပ်မံတွေ့ရှိထားပြီး လက်ရှိ ပြည်ပပြန် ၁၈၀ ကျော်တွင် ပိုးတွေ့ရှိထားကြောင်း သိရသည်။

ဇန်နဝါရီ ၂၇ ရက်မှ ၂၈ ရက်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၆၃၇၈ ခု စစ်ဆေးခဲ့ရာ အတည်ပြုလူနာအသစ် ၃၅၀ ရှိကြောင်း နှင့် ၎င်းတို့အနက် တရုတ်နိုင်ငံမှ ပြန်လာသူနှစ်ဦး၊ စင်ကာပူနိုင်ငံမှ ပြန်လာသူတစ်ဦး၌ COVID-19 ပိုး ထပ်မံတွေ့ရှိထားပြီး ၎င်းတို့ကို အသွားအလာကန့်သတ်ခြင်း တင်းကျပ်စွာ ဆောင်ရွက်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဂျော်ဒန်နှင့် အိန္ဒိယနိုင်ငံမှ ပြန်လာသူ ၆၆ ဦး၊ မလေးရှားနိုင်ငံမှ ပြန်လာသူတစ်ဦး၊ တောင်ကိုရီးယားနိုင်ငံမှ ပြန်လာသူနှစ်ဦး၊ ဂျော်ဒန်နိုင်ငံမှ ပြန်လာသူကိုးဦး၊ အိန္ဒိယနိုင်ငံမှ ပြန်လာသူနှစ်ဦး၊ ကိုရီးယားနိုင်ငံမှ ပြန်လာသူတစ်ဦး၊ မလေးရှားနိုင်ငံမှ ပြန်လာသူ ၅၇ ဦး၊  မလေးရှားနိုင်ငံမှ ပြန်လာသူ ၁၆ ဦး၊ အိန္ဒိယနိုင်ငံမှပြန်လာသူတစ်ဦး၊ မလေးရှားနိုင်ငံမှ ပြန်လာသူ ၁၁ ဦး၊ တရုတ်နိုင်ငံမှ ပြန်လာသူ နှစ်ဦး၊ ရုရှားနိုင်ငံမှ ပြန်လာသူ တစ်ဦး၊  နီပေါနိုင်ငံမှ ပြန်လာသူ တစ်ဦး၊ ထိုင်းနိုင်ငံမှ ပြန်လာသူ နှစ်ဦး၊ ကိုရီးယားနိုင်ငံမှ ပြန်လာသူတစ်ဦးနှင့် ယူအေအီးနိုင်ငံမှပြန်လာသူ တစ်ဦး၊ မလေးရှားနိုင်ငံမှ ပြန်လာသူ ကိုးဦး၊ ထိုင်းနိုင်ငံမှ ပြန်လာသူတစ်ဦးနှင့် တရုတ်နိုင်ငံမှ ပြန်လာသူတစ်ဦး၊ တရုတ်နိုင်ငံမှ ပြန်လာသူ နှစ်ဦး၊ စင်ကာပူနိုင်ငံမှ ပြန်လာသူတစ်ဦးတွင် COVID-19 ပိုး တွေ့ရှိထားပြီးဖြစ်ရာ ဇန်နဝါရီ ၂၈ ရက်အထိ စုစုပေါင်း ပြည်ပပြန် ၁၈၈ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့သည်။   

နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများကို ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်လျက်ရှိကြောင်းနှင့် ထိုသူများ ရန်ကုန်လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစစ်ဆေးရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ၊ သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ၁၄ ရက်နှင့် နေအိမ်၌ အသွားအလာကန့်သတ်မှု ခုနစ်ရက်နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။

ကမ္ဘာတွင်ဖြစ်ပွားနေသော ကူးစက်ရောဂါဖြစ်ပွားမှုအခြေအနေနှင့် နိုင်ငံအတွင်း ရောဂါဖြစ်ပွားမှုအခြေအနေပေါ် မူတည်ပြီး လေကြောင်းလုပ်ငန်းများကို အဆင့်လိုက် ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊  ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင်က COVID-19 အကြောင်း သိကောင်းစရာ အမေးအဖြေအစီအစဉ်တွင် ထည့်သွင်းပြောကြားသည်။

“ပြည်ပနိုင်ငံတွေကနေပြီး ပြည်သူတွေ ပြန်လာဖို့အတွက် လေကြောင်းလိုင်းတွေ ပြန်လည်ဖွင့်လှစ်ပေးမယ့် အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အနေနဲ့ ဒါကို အထူးအလေးပေးပြီး ဆောင်ရွက်လျက်ရှိပါတယ်။  တစ်ဖက်မှာလည်း ကိုယ့်နိုင်ငံကို ပြန်လာမယ့်သူတွေရှိသလို တစ်ဖက်မှာလည်း နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့ စီးပွားရေးလုပ်ငန်းတွေရှိတာကြောင့် တစ်ချိန်တည်းမှာ လေကြောင်းလိုင်းအားလုံးကို ပြန်လည်ဖွင့်လှစ်ပေးခြင်းမျိုးမဟုတ်ဘဲ ကမ္ဘာမှာဖြစ်ပွားနေတဲ့ ကူးစက်ရောဂါဖြစ်ပွားမှု အခြေအနေ၊ နိုင်ငံအတွင်းမှာ ဖြစ်ပွားမှုအခြေအနေ ဒါတွေအပေါ်မှာ မူတည်ပြီး အဆင့်လိုက် လေကြောင်းလုပ်ငန်းတွေကို ပြန်လည်ဆောင်ရွက်သွားမယ်ဆိုတာ တင်ပြလိုပါတယ်” ဟု ဒေါက်တာထွန်းတင်က ပြောကြားသည်။

 


READ NEXT
Cancel OK